မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အဆင့်သတ်မှတ်ချက် ရယူနိုင်ရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အဆင့်သတ်မှတ်ချက် ရယူနိုင်ရန် ဆောင်ရွက်မည်
Published 6 July 2016
မင်းသီဟဇော်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အဆင့်သတ်မှတ်ချက် ရယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ် စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ အဆင့်သတ်မှတ်ချက်များကို နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရယူနိုင်ရန်၊ နိုင်ငံတကာ အရင်းအနှီး ဈေးကွက်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ရန် မြန်မာနိုင်ငံသည် Standard and Poor's (S&P Global Ratings) နှင့် Moody's Investor Service ကဲ့သို့သော Credit Rating Agency များ ပေါ်ပေါက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ် စီမံကိန်းတွင် ဖော်ပြထားသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ် စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှု အဖြစ်သို့ ကူးပြောင်းစေရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည် စိစစ်နိုင်ရေး၊ လုပ်ငန်း ထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်း လည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ် လုပ်ငန်းများနှင့် ဈေးကွက် သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှု မူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာ အားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင် လုပ်ငန်းများကို ဖက်စပ် လုပ်ကိုင်ခွင့် ပေးခြင်း (JV)၊ စီးပွားရေး ကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ်တွင် စက်မှု၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွား၊ သတ္တု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ရာအဆောက်အဦနှင့် အခြားဝန်ဆောင်မှု စသည့် ကဏ္ဍ ၁၀ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၉၅၈ ဒသမ ၀၅၀ သန်း ဝင်ရောက်လာရန် လျာထားကြောင်း သိရသည်။

Most Read

Most Recent