သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့် နိုင်ငံ ၁၆ နိုင်ငံ၏ ကုမ္ပဏီပေါင်း ၇၄ ခုမှ ရင်းနှီး မြှုပ်နှံရန် လက်ခံ ရရှိထား

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့် နိုင်ငံ ၁၆ နိုင်ငံ၏ ကုမ္ပဏီပေါင်း ၇၄ ခုမှ ရင်းနှီး မြှုပ်နှံရန် လက်ခံ ရရှိထား
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တစ်နေရာအား တွေ့ရစဉ်
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တစ်နေရာအား တွေ့ရစဉ်
Published 5 July 2016
အေးမြတ်မွန်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၄ ခု၏ ရင်းနှီးမြှုပ်နှံရန် Reservation လက်ခံရရှိထားကြောင်း Myanmar-Japan Thilawa Development limited မှ သိရသည်။ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ကုမ္ပဏီများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ အများဆုံး ပါဝင်ပြီး ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်၊ အမေရိကန်၊ သြစတြေးလျတို့မှ စတီးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ၊ အလူမီနီယမ် ထုတ်လုပ်သည့် ကုမ္ပဏီ၊ Packaging ကုမ္ပဏီ၊ ကင်မရာ ထုတ်လုပ်သည့် ကုမ္ပဏီ၊ ဆေးဝါးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများ လက်ခံ ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် အတွင်းတွင် ဂျပန်၊ ထိုင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့်ကား radiator, အထည်ချုပ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီကိုးခုမှ စီးပွားဖြစ် စတင် လည်ပတ်နေကြောင်း သိရသည်။“အပိုင်း (က) မှာ ကုမ္ပဏီ ၇၄ ခုက ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်မှု ရရှိထားပါတယ်။ အဲဒါက ဇုန်အေရဲ့ ၈၈ ရာခိုင်နှုန်း နီးပါးကို ငှားရမ်းထားပြီးတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီပေါင်း ၂၈ ခုက ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပါပြီ။ နောက်ထပ် ကုမ္ပဏီ ၃၇ ခုကလည်း Design ပိုင်းတွေ လုပ်နေတာတွေ ရှိပါတယ်။ ဆောက်လုပ်ရေးပိုင်းတွေကတော့ မိုးကုန်ပြီးလောက်မှာ ပြန်လုပ်တော့မှာပါ” ဟု Myanmar Japan Thilawa Development L.td မှ Officer & General Manager ဦးမြင့်ဇော်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့် အကောင်အထည်ဖော်မည့် ဟက်တာ ၄၀၀ အနက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို ဦးစွာ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် အခြေခံ အဆောက်အအုံ တည်ဆောက် ပြီးစီးမှုမှာ ပြီးစီးနေပြီကြောင်း သိရသည်။ယခုလက်ရှိ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ၏ ဧရိယာ အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသည့် ကာလဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာ-ဂျပန် ပူးပေါင်းထားသည့် PANTER-SUNTAC ကုမ္ပဏီမှ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရ ကိုယ်စား သီလဝါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent