ဇူလိုင်ပထမပတ်အတွင်း ပြင်ပဈေး ကွက်၌ တစ်ဒေါ်လာလဲနှုန်း ၁၁၆၆ ကျပ် ဝန်းကျင်အထိ ဆက်တိုက် ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေးဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
"ဈေးကွက်ရဲ့ဝယ်လိုအားနဲ့ ရောင်းလို အားပေါ်မူတည်ပြီး ဈေးနှုန်းက ဖြစ်တာပါ။ ပြည်တွင်းဈေးကွက်က စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ နှစ်ခုစလုံးပေါ်မူ တည်ပြီးဖြစ်တာပါ။ အခု ဒေါ်လာဝယ်လိုအား နည်းလာလို့ ဈေးကျတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သလို အခြားသော Factor တွေလည်း ရှိကောင်းရှိနိုင်သလို လောလောဆယ်တော့ ဒေါ်လာပေါ်မှာ ဝယ်လိုအားနည်းလာတဲ့ အဓိပ္ပာယ်ပဲ ဖြစ်မှာပေါ့။ ဈေးကွက်ရဲ့ သဘောသဘာဝက ဒီလိုပါပဲ၊ အမြဲတမ်း တစ်သမတ်တည်း တက်တာ ကျတာ မရှိပါဘူး။ ရောင်းလိုအားနဲ့ ဝယ်လိုအား ဖြစ်စေတဲ့ အကြောင်းရင်းတော့ ရှိမှာပေါ့။ ရောင်းလိုအားကို မြင့်တက်စေတဲ့ အကြောင်းရင်းတွေ၊ ဝယ်လိုအားကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေ ရှိမှာပါ။ အဲဒါတွေကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်" ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောကြားသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဇူလိုင် ၁ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၇၅ ကျပ်ဝန်းကျင်မှ ဇူလိုင် ၄ ရက်တွင် တစ် ဒေါ်လာလျှင် ၁၁၆၆ ကျပ် ဝန်းကျင်သို့ သုံး ရက်အတွင်း ကိုးကျပ်ဝန်းကျင် ကျဆင်းခဲ့ဖြစ်သည်။
ဇွန်နောက်ဆုံးပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ၂၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်ဝန်းကျင်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် တစ်ဒေါ်လာလျှင် ၁၁၈၄ ကျပ် ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး ဇွန် နောက်ဆုံးရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဇူလိုင်လဆန်းပိုင်းအတွင်း သိသာစွာ အကျ ဘက်သို့ဦးတည်လျက်ရှိပြီး ဇွန် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ်၁၁၈၀ ဝန်းကျင်မှ ဇူလိုင် ၁ ရက်တွင် တစ်ရက်အတွင်း ငါးကျပ် ဝန်းကျင်ကျဆင်းခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ကိုးကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့သည့်အတွက် ဇူလိုင် ပထမပတ် နှစ်ရက်အတွင်း ၁၄ ကျပ် ဝန်းကျင် ကျဆင်းခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲ နှုန်းတွင်ဒေါ်လာသတ်မှတ်နှုန်းသည် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်သို့ ပြန်လည်လျှော့ချသတ်မှတ် ထားပြီး ဇွန် ၁၅ ရက်မှ ၁၆ ရက်အထိ တစ် ဒေါ်လာလျှင် ၁၁၈၇ ကျပ်သို့လည်းကောင်း ဇွန် ၁၇ ရက်တွင် ၁၁၈၆ ကျပ်၊ ဇွန်၂၀၊ ၂၁ နှင့် ၂၂ ရက်နေ့များတွင် တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ်သို့ လျှော့ချခဲ့သည်။
ထို့အပြင် ဇွန်နောက်ဆုံးပတ် ၂၃ ရက် မှ၂၈ ရက်အထိ တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၁၈၄ ကျပ်သို့ လျှော့ချခဲ့ပြီး ဇွန် ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်မှ ဇွန် ၃၀ ရက်တွင် ၁၁၈၁ ကျပ်သို့ ဗဟိုဘဏ်မှ ဆက်လက် လျှော့ချသတ်မှတ်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ဇူလိုင် ၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၁၇၉ ကျပ်မှ ဇူလိုင် ၄ ရက်တွင် တစ် ဒေါ်လာသတ်မှတ်နှုန်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင် ၁ရက်သတ်မှတ် နှုန်းအတိုင်း ဆက်လက် သတ်မှတ်ထားသည်။
ဇူလိုင် ၄ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည် ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၁၇၉ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၆၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၆၅ ကျပ် ဝန်းကျင် ရှိနေကြောင်း သိရသည်။










