‘နိုင်ငံရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းတဲ့နည်းနဲ့
ဆွေးနွေးခြင်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်နိုင်မှာ’
မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဇူလိုင် ၃ ရက်တွင် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ဦးသိန်းစိန် အစိုးရမတိုင်ခင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ ဆိုတာတွေရှိပါတယ်။ ဦးသိန်းစိန် အစိုးရကလည်း ငြိမ်းချမ်းရေးကို ဆောင်ရွက်ခဲ့တယ်ပေါ့။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိအစိုးရကလည်း ငြိမ်းချမ်းရေးဆောင်ရွက်နေတယ်။ ဒီအစိုးရတွေရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေအပေါ်ကို ဗိုလ်မှူးကြီးအမြင်ကို ပြောပြပေးပါလား။
ဖြေ။ ဦးသိန်းစိန်မတိုင်ခင် ကြိုးပမ်းမှုတွေက ငြိမ်းချမ်းရေးအဆင့်ကို မရောက်ဘူးဗျ။ အရင်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်မှာ ဆောင်ရွက်တဲ့ဟာတွေက အပစ်အခတ် ရပ်စဲရေးကိုပဲ ဇောင်းပေးတယ်။ အဲဒီမတိုင်ခင် ၁၉၆၄ ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်မှာကျတော့ အပစ်အခတ် ရပ်စဲရေးတောင် မရခဲ့ဘူး။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရင်းနဲ့ ဆွေးနွေးပွဲတွေ ပျက်ကုန်တယ်။ ဦးနုလက်ထက်ကို ပြန်သွားရင် ဦးနုလည်းပဲ ငြိမ်းချမ်းရေးဖိတ်ခေါ်ဖူးတာပဲ။ ၁၉၅၄-၅၈ ပေါ့။ ဦးနုခေါ်တုန်းကရှင်းတယ်။ လက်နက်နဲ့ ဒီမိုကရေစီ လဲတယ်ပေါ့။ ဒီမိုကရေစီလိုချင်ရင် လက်နက်လာချ ဒါပဲ။ အဲဒီတုန်းက ဒီမိုကရေစီ အခွင့်အရေးပေးတယ်။ ရွေးကောက်ပွဲလုပ်ပေးတယ်။ နောက်ပိုင်း ဦးနေဝင်းကျတော့ လက်နက်ချ လမ်းစဉ်ပဲ။ သို့သော် သူက မအောင်မြင်ဘူး။ ၁၉၈၉၊ ၉၀၊ ၉၁ ဗိုလ်ချုပ်ခင်ညွန့်တို့ လက်ထက်ကျတော့ သူက လက်နက်ချလမ်းစဉ် မဟုတ်ဘူး။ အပစ်ရပ်ထားဖို့လမ်းစဉ်။ လက်နက်ကိုကိုင်ထား၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးရေးလုပ် အဲဒီနည်းနဲ့ သူလုပ်ခဲ့တယ်။ သို့သော်အဲဒီတုန်းက အားသာချက်ရှိတယ် အားနည်းချက်ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်နည်းက လက်နက်ကို ကိုင်ထားတယ်။ လက်နက်ကိုင်လမ်းစဉ် တော်လှန်ရေးလမ်းစဉ် မရှိတဲ့အခါကျတော့ အဖွဲ့အစည်းတွေ တပ်တွေက ပျက်စီးလာပြီးတော့နောက်ပိုင်း တချို့အဖွဲ့အစည်းတွေက ပျောက်သွားတယ်။ နောက်ဆုံးမှာ သက္ကရာဇ် ၂၀၀၀ ကျော်ကျော်မှာ အကောင်အထည်ဖော်လိုက်တဲ့ ပြည်သူ့စစ် လုပ်မလား။ နယ်ခြားစောင့်တပ် လုပ်မလား။ လက်နက်ချမလားဆိုတဲ့ သုံးမျိုးမှာ ၂၀၁၀ မတိုင်ခင် ပေါ်လာတဲ့ လှုပ်ရှားမှုမှာ အားလုံးက အပစ်ရပ်ထားတဲ့ အဖွဲ့တွေက ဒုက္ခရောက်ကြတယ်။ တချို့က မလွှဲမရှောင်သာ နယ်ခြားစောင့်တပ် လက်ခံတယ်။ တပ်မတော် အုပ်ချုပ်မှုအောက်မှာပေါ့။ တချို့က ပြည်သူ့စစ် လက်ခံတယ်။ ဥပမာ ကျွန်တော်တို့ရဲ့မိခင်ပါတီ PNLO က ပြည်သူ့စစ် ဖြစ်သွားတယ်။ အများအားဖြင့်တော့ ပြည်သူ့စစ် ဖြစ်သွားတဲ့ တပ်တွေနဲ့ နယ်ခြားစောင့်တပ် ဖစ် သွားတဲ့တပ်တွေရှိတယ်။ ဘာမှဖြစ်မသွားဘူးဆိုတဲ့ တပ်တွေကတော့ လက်နက်အသိမ်းခံရတယ်။ သို့တည်းမဟုတ် ထွက်ပြေးပြီးတော့ ကျွန်တော့်ဆီရောက်လာတဲ့ ရလလဖလို ဖြစ်သွားတယ်။ နောက် ပြည်သူ့စစ်လည်း မလုပ်ဘူး။ နယ်ခြားစောင့်တပ်လည်း မလုပ်တဲ့ တပ်တွေကတော့ တိုက်ပွဲပြန်ဖြစ်တယ်။ ဥပမာ ကချင်တို့လို SSPP တို့လိုက တိုက်ပွဲပြန်ဖြစ်တယ်။ ပြန်ဖြစ်လာတဲ့အခါကျတော့ တိုက်ပွဲတွေ ဖြစ်လာတဲ့အပေါ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဖော်မြူလာကလည်း မှားတယ်။ အဲဒီမှာ အကြီးဆုံးအမှားကတော့ လက်နက်ကိုင်ထား စီးပွားရေးလုပ်၊ ဖွံ့ဖြိုးရေးလုပ်ဆိုတာ တချို့အဖွဲ့အစည်းတွေက လုပ်တတ်ကိုင်တတ်တဲ့အခါကျတော့ ကြီးထွားလာတယ်။ ဥပမာ ‘ဝ’ အဖွဲ့ဆိုရင် ကြီးထွားလာတယ်။ ကချင်ဆိုရင် ကြီးထွားလာတယ်။ တချို့က ကျုံ့သွားပေမယ့် တချို့က ကြီးထွားလာတယ်။ ကြီးထွားလာတဲ့ အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေနဲ့ အင်အားတွေကို တပ်မတော်က မထိန်းချုပ်နိုင်တော့ဘူး။ အဲဒီမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမှားဖြစ်တယ်။ ထိန်းချုပ်နိုင်တာရှိတယ်။ ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မထိန်းချုပ်နိုင်တာတွေကတော့ လက်လွှတ်လိုက်ရတာပေါ့။ အခုအချိန်ထိ ရေရှည်ပြဿနာ ဖြစ်လာတဲ့အဖွဲ့တွေ ရှိတယ်။ ဒါကြောင့် အခုအချိန်မှာ ဦးသိန်းစိန်အစိုးရရော လက်ရှိဒေါ်အောင်ဆန်းစုကြည် အစိုးရရောက နားလည်မှုကောင်းကောင်းရ တာက ဘာလဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ပေးရမယ်ဆိုတာ။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က လုံးဝမရှိတဲ့ မစဉ်းစားတဲ့ကိစ္စ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရေရှည်ငြိမ်းချမ်းရေးရဖို့က နိုင်ငံရေးဆွေးနွေးပွဲလုပ်ရမယ်။ အဲဒီအချက်အပေါ်မှာ သွားတူနေတယ်။ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပေးတဲ့အတွက် အများစုက အပစ်ရပ်လက်မှတ်ထိုးပြီး ဝင်လာတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ချင်လွန်းလို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးခြင်းအားဖြင့် တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်နိုင်မှာပေါ့ဗျာ။
မေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇွန် ၂၈ ရက် နေပြည်တော်မှာမတွေ့ခင် လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဖွဲ့ထားတဲ့ PPST က ချင်းမိုင်မှာ ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်တွေရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြလို့ရတာ ရှင်းပြပေးပါလားဗျ။
ဖြေ။ အများစုကတော့ ရှေဆက်လုပ်ငန်းတွေပါပဲ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ရက်ချိန်းချိန်းတာတို့ ကိုယ်စားလှယ်အဖွဲ့ဖွဲ့တာတို့ပေါ့ဗျာ။ နောက်တစ်ခါ အပစ်ရပ်တဲ့အဖွဲ့တွေနဲ့ NCA ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့တွေ အတူတကွ ထိပ်သီးအစည်းအဝေး ပြန်ခေါ်နိုင်ဖို့ ပြင်ဆင်တာတို့ ဒါတွေလည်း ဆုံးဖြတ်ချက်ထဲပါတယ်။ နောက်ပြီးတော့ ရှစ်ဖွဲ့ကြားမှာပဲ အရည်အချင်းမြှင့်တင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲက လာတော့မယ် သြဂုတ်လထဲမှာ။ လာမယ်ဆိုရင် တို့ကတော့ နိုင်ငံရေး အတွေးအခေါ်ရှိတယ်။ တို့ကတော့ တော်လှန်ရေးလုပ်တာကြာပြီဆိုပြီးတော့ အဲဒီအထင်ကြီးပြီး သွားဝင်လို့မရဘူး။ ပြင်ဆင်မှု အားကောင်းဖို့လိုတယ်။ သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေ အများကြီးလုပ်ရမယ်။ ပြင်ဆင်ဖို့လိုတယ်။ အဓိက,ကတော့ အတွင်းစည်း အပြင်စည်းပေါ့။ အတွင်းစည်း ညီညီညွတ်ညွတ် အလုပ်လုပ်ရမယ်။ အစိုးရနဲ့ သော်လည်းကောင်း တပ်မတော်နဲ့ သော်လည်းကောင်း ကျွန်တော်တို့ရှစ်ဖွဲ့က ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်မယ်။ NCA မထိုးသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့လည်း ကြိုးစားပြီး တွေ့ဆုံပြီးတော့ ညီညွတ်ရေးတည်ဆောက်ပြီးတော့ သူတို့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကိုရောက်အောင် လမ်းဖွင့်ပေးမယ်။ အဲဒါတွေပါပဲ။
မေး ။ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့အတွက် ဘာများ တိုက်တွန်းပြောကြားချင်ပါသလဲ။
ဖြေ ။ ပြည်သူလူထုနဲ့ အစိုးရကတော့ ခွဲပြောရမယ်။ အစိုးရလို့ပြောရင် လွှတ်တော်ပါတယ်။ အစိုးရပါတယ်။ တပ်မတော်ပါတယ်။ ဒါအစိုးရရဲ့ ယန္တရားထဲမှာကိုး။ လူထုဆိုရင်တော့ နည်းနည်း ခွဲပြောရလိမ့်မယ်။ အစိုးရယန္တရားတွေကိုတော့ ကတိကဝတ်တွေကို စောင့်ထိန်းကြဖို့လိုတယ်။ အဆင့်တိုင်းပေါ့ လေ။ ဥပမာ ကာကွယ်ရေးဦးစီးချုပ် လက်မှတ်ထိုးထားတဲ့ စာချုပ်ပဲ။ ဒါပေမဲ့ အောက်ခြေက တပ်ရင်းမှူးတစ်ယောက်က မသိဘူးဆိုရင် ဒါ သဘောတူထားတာက ကျွန်တော်တို့ မသိဘူး။ အောက်ခြေမှာ အဲဒီလိုဖြစ်တယ်။ ဘာဖြစ်တယ်ဆိုပြီး လုပ်လို့ရတာပဲ။ ဒါ အောက်ခြေအဆင့်ကို ပါဝင် လက်မှတ်ရေးထိုးတဲ့ သူတိုင်းက ညွှန်ကြားထားဖို့လိုတယ်။ တိုင်းရင်းသားတွေဘက်ကပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ် NCA စာချုပ်မှာ ကတိကဝတ်တွေက ဒီလို လက်ခံထားပြီးပြီဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ရောက်ဖို့လိုတယ်။ ဒါတွေ မသိလို့ဆိုပြီး တချို့အောက်ခြေမှာ ပြဿနာလေးတွေရှိတယ်။ အသေးလေးတွေရှိတယ်။ အကြီးကြီးတော့ မဟုတ်ဘူးပေါ့။ ပြဿနာက မသိကြဘူး။ ဒီတော့ အစိုးရဘက်ကို ပြောချင်တာက ဦးသိန်းစိန်လက်ထက်တုန်းက အဓိကဆွေးနွေးသူက ဦးအောင်မင်း။ ဦးအောင်မင်းနဲ့ ဦးသိန်းစိန် သမ္မတအဖြစ် ဦးဆောင်တဲ့ခေတ်မှာ ကျွန်တော်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ စပြီးတော့ အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ဖော်နိုင်တဲ့အချိန်မှာ ဦးသိန်းစိန်အစိုးရလက်ထက်က စာချုပ်က ဒီတစ်ခုတည်းမဟုတ်ဘူး။ ပြည်နယ်အဆင့်စာချုပ်၊ ပြည်ထောင်စုအဆင့်စာချုပ်၊ အမျိုးသားအဆင့်စာချုပ်ဆိုပြီး စာချုပ်က သုံးစောင်လောက်ရှိတယ်။ ရှိတော့ ဒီစာချုပ်တွေရဲ့ သဘောသဘာဝနဲ့ လိုက်လုပ်ရမယ့်ဟာက အစိုးရမှာ တာဝန်ရှိတယ်။ အဲဒီလိုရှိတဲ့အခါ ဦးသိန်းစိန်အစိုးရနဲ့ အဲဒီတုန်းက ပြည်နယ်အစိုးရတွေကတော့ ပြည်နယ်အစိုးရဆိုတာကလည်း အရင်တုန်းက တပ်မှူးဟောင်းတွေကိုး။ သူတို့က လမ်းညွှန်ချက် ကောင်းကောင်းရပြီးတော့ အလုပ်လုပ်နေတယ်။ အခု NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရတွေက အရပ်သားတွေဖြစ်တယ်။ အထူးသဖြင့် NLD ပါတီဝင်တွေ ဖြစ်တယ်။ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေက ပါတီဝင်တွေ ဖြစ်ပြီးတော့ တချို့က အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီတိုင်းဒေသ၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တွေက တချို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မသိဘူး။ မလေ့လာမိဘူး။ မဖတ်အားဘူး။ သဘောတူညီချက်တွေ အရင်ရှိခဲ့တာတွေလည်း သဘောမပေါက်တဲ့အခါ ကျတော့ တစ်ခါတလေ အောက်ခြေမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ အခက်အခဲရှိတယ်။ တာဝန်ရှိမှုအရ အထောက်အကူမဖြစ်ဘဲနဲ့ နားလည်မှု လွဲမှားနေတာတွေ တွေ့နေရတယ်။ တော့ NLD အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်သင့်တယ်။ ဒီလို နားလည်မှု ဟိုဟာလွဲ၊ ဒီဟာလွဲဆိုရင် နောက်ဆုံး အပစ်အခတ်ရပ်စဲရေးကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒါအားလုံးအတွက် မကောင်းဘူး။ ထိန်းသိမ်းဖို့ ကျွန်တော်တို့ ကြိုးစားရမှာဖြစ်တယ်။ ဒါကြောင့် အစိုးရဘက်က တာဝန်ရှိတာက ဒီနေပြည်တော် အစိုးရအဆင့်မှာတော့ ကျွန်တော်တို့နဲ့ တွေ့နေတယ်။ စကားပြောနေတယ်။ ကော်မတီတွေဖွဲ့တယ်။ တော်တော်လေးအလုပ်ဖြစ်တယ်။ နေပြည်တော်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတွေပေါ့။ ပြည်နယ်အစိုးရဖြစ်တဲ့ ပြည်နယ်ဝန်ကြီးတွေ၊ လွှတ်တော်တွေမှာတော့ သိပ်နားမလည်တာတွေရှိတယ်။ ဒါကြောင့် နေပြည်တော်အစိုးရက ပြည်နယ်အစိုးရတွေကို ဒီလုပ်ငန်းအပေါ်မှာ ထဲထဲဝင်ဝင် လေ့လာဖို့၊ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားဖို့သင့်တယ်။ ညွှန်ကြားတာ နောက်ကျရင်တော့ ပြဿနာအများကြီး ပေါ်လာနိုင်တယ်။ ဒါကြောင့် နည်းနည်းတော့ သတိထားဖို့လိုတယ်။ ဒါ အစိုးရနဲ့ တပ်မတော်ကို ပြောချင်တာပါ။
မေး ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပထဝီအနေအထား ဆက်စပ်မ ှုအနေအထားအပေါ် အမြင်လေးပြောပြပေးပါဦး။
ဖြေ ။ ရှင်းရှင်းပြောရရင်တော့ ကျွန်တော်တို့ တောခိုတဲ့ ၁၉၇၂-၇၃ တုန်းကနဲ့ အခုနဲ့တော့ မတူတော့ဘူး။ အဲဒီတုန်းက လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက ပထဝီနိုင်ငံရေးက ကိုယ်လွတ်ရုန်းတဲ့ဟာဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ရပ်တည်ခဲ့တဲ့ ထိုင်းနယ်စပ်ကို ပြောရရင် ဗမာပြည်မှာ အုပ်ချုပ်မှုညံ့တယ်၊ တိုက်ပွဲတွေဖြစ်တယ်၊ မတည်ငြိမ်ဘူး။ စီးပွားရေးလည်း မှားတာပေါ့ဗျာ။ အဲဒီတုန်းက ဆိုရှယ်လစ်စီးပွားရေးက အဆိုးဆုံးပေါ့။ လူတွေငတ်ပြတ်ကြတယ်။ အဲဒီလိုဖြစ်တော့ မှောင်ခိုစီးပွားရေးက သိပ်အားကောင်းတယ်။ ဦးနေဝင်းခေတ်မှာ မှောင်ခိုစီးပွာရေးက အားကောင်းတော့ အဲဒီမှောင်ခိုစီးပွားရေးက ဘယ်ကလာလဲ။ နယ်စပ်ကလာတယ်။ နယ်စပ်မှာ မှောင်ခိုစီးပွားရေးတွေ အားကောင်းတဲ့အခါကျတော့ ကျွန်တော်ကိုင်တဲ့ ကုန်သွယ်လမ်းစဉ်က မှောင်ခိုစီးပွားရေးပဲ။ တရုတ်ကလည်း မြင်း ၅၀၊ ၁၀၀၊ ၂၀၀ နဲ့ မြင်းလားတွေနဲ့ ကျောက်စိမ်းတွေသယ်ပြီး ထိုင်းကို သွားရောင်းကြတယ်။ ကျွန်တော်တို့ဘက်ကလည်း နွားတွေ အကောင် ၂၀၀၊ ၃၀၀ လောက် အုပ်လိုက်မောင်းပြီးတော့ ထိုင်းဘက်မှာ သွားရောင်းကြတယ်။ ရောင်းပြီးတော့ ရတဲ့ငွေနဲ့ နိုင်ငံခြားအဝတ်အထည်တွေ၊ အချိုမှုန့်အပါအဝင် အသုံးအဆောင်တွေ ပြန်သယ်ကြတယ်။ အဲဒီလို မှောင်ခို အကြီးအကျယ် ထွန်းကားတဲ့အခါကျတော့ အဲဒီနိုင်ငံခြားတိုင်းပြည်တွေက အကျိုးအမြတ် အများကြီးရတယ်။ ဗမာပြည် ပြည်တွင်းစစ်ကြောင့် အိမ်နီးနားချင်း တိုင်းပြည်တွေက ချမ်းသာကြွယ်ဝတယ်။ ဝင်ငွေကောင်းတယ်။ သူ့ဆီမှာ ဘာမှမထွက်ဘူး။ ဒါပေမဲ့ မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းတွေ၊ နွားတွေနဲ့ စီးပွားဖြစ်ပြီးတော့ ထိုင်းက နှစ်ပေါင်း ၅၀ အတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာတယ်။ အုပ်ချုပ်ရေးကောင်းတယ်။ တည်ငြိမ်မှုရှိတယ်။ အစိုးရကောင်းတွေရှိတယ်။ ရှိတော့ ဖွံ့ဖြိုးတိုးတက်လာတယ်။ ကျွန်တော်ပြောသလိုပဲ ကျွန်တော့်အိမ်ရှေ့လမ်းက နှစ် ၅၀ အတွင်း ဒီအတိုင်းပဲ။ နယ်စပ်မှာ ကျွန်တော်တို့ရောက်ခါစက မြင်းစီးသွားရတဲ့ရွာတွေ၊ ချောင်းကူးရတဲ့ရွာတွေက အခု ကွန်ကရစ်လမ်းမကြီးတွေ ချောပြောင်ပြီး ကားတွေက အချိန်မရွေး သွားနေတယ်။ အဲဒီဖွံ့ဖြိုးမှုက ဘယ်ကရသလဲ။ သူ့တိုင်းပြည်ရဲ့ အရင်းအမြစ်မဟုတ်ဘဲ ကျွန်တော်တို့ဆီက အရင်းအမြစ်နဲ့ အဲဒီလိုကြီးထွားလာတဲ့အခါကျတော့ အမြတ်ထုတ်နေကြတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဆိုရင် ကြိုက်သလို သွားလို့ရတယ်။ အဲဒီတုန်းက လက်နက်ခဲယမ်း စုဆောင်းလို့ရတယ်။ ဘာမှမဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အမြတ်၊ ကိုယ်ကျိုးစီးပွား ရှာကြတာကိုး။ အခု ၂၁ ရာစုထဲ ရောက်လာတဲ့အခါ ကျတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားက ပူးပေါင်း ဆောင်ရွက်ရေးဆိုတာမြင်လာတယ်။ အဲ့ဒီလို ကိုယ်လွတ်ရုန်းကြရင် ဘယ်သူမှ မလွယ်ဘူးဆိုတာ သိလာတယ်။ ဘယ်လိုကိစ္စမျိုးတွေလဲ။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော်မူးယစ် ဆေးဝါးတွေ၊ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ၊ ဒါတွေအားလုံးက ဘယ်တိုင်းပြည်မှ မခံနိုင်ဘူး။ အားလုံးက ပေါင်းပြီးလုပ်မှရမယ်ဆိုတော့ အာဆီယံလိုအဖွဲ့တွေထဲမှာ အားလုံး ပါဝင်လာကြတယ်။ တရုတ်စီးပွားရေးက ဗမာပြည်မှာ တော်တော်များတယ်။ ဘာကြောင့်များလဲဆိုတော့ အရင်ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့ အစိုးရတုန်းက နိုင်ငံတကာက စီးပွားရေး ပိတ်ထားတယ်။ ဘာမှလုပ်လို့မရဘူး။ စီးပွားရေးပိတ်တဲ့အချိန်မှာ တရုတ်က မင်းတို့လို သမျှပြော၊ ငါရှိတယ်ဆိုပြီး အကုန်လုံးပေးလိုက်တယ်။ ယူစရာရှိလည်း အကုန်လုံးယူတယ်။ အဲဒီမှာ စီးပွားရေးကို အနောက်နိုင်ငံက ပိတ်တယ်။ တရုတ်က ဖွင့်တဲ့အခါကျတော့ တရုတ်ရဲ့ လက်အောက်ခံ၊ သြဇာခံလိုဖြစ်သွား တယ်။ အဲဒါတရုတ်က အဲဒါကိုင်တော့ ဦးသိန်းစိန်ကတောင် ပြန်တွန်းတာ။ ပြန်လှန်ဖို့ကြိုးစားတာ။ မနိုင်တနိုင်။ ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာလည်း ဒါကို ပြန်လှန်ဖို့ ကြိုးစားတယ်။ သို့သော် တရုတ်က ပါးပါးနပ်နပ်နဲ့ စီးပွားရေး အကျိုးစီးပွားကိုထိန်းမယ်။ မျှမျှတတလုပ်ပါ။ သူမနစ်နာအောင်လုပ်ပါ။ တစ်ဖက်ကလည်း သူနဲ့နယ်မြေချင်း ဆက်စပ်နေတဲ့အဖွဲ့အစည်းတွေ၊ နယ်မြေတွေကိုလည်း သူက ထိန်းထားပေးမယ်။ အဲဒီနယ်မြေတွေမှာ အင်အား အလွန်အကျွံသုံးပြီးတော့ တစ်ဖက်သတ် တိုက်တာမျိုး မဖြစ်အောင်။ တရုတ်က အကြောက်ဆုံးက နိုင်ငံတကာတပ်တွေ မရောက်အောင်၊ အဲဒီဒေသမှာ နိုင်ငံတကာတပ်တွေ အဲဒီနေရာရောက်ရင် တရုတ်အတွက် အကျပ်အတည်းဖြစ်မယ်။ နိုင်ငံတကာတပ်တွေ ရောက်နိုင်တဲ့ အခွင့်အလမ်းကလည်း ကမ္ဘာကြီးမှာ နှစ်ခုပဲရှိတယ်။ တစ်ခုက မူးယစ်ဆေးဝါးနဲ့ တစ်ခုက အကြမ်းဖက်မှု။ အကြမ်းဖက်မှုရှိရင် အမေရိကန်တပ်က သွားလို့ရတယ်။ အကြမ်းဖက်သမားရှိရင် သွားလို့ရတယ်။ မူးယစ်ဆေးရှိရင် သွားလို့ရတယ်။ ဒါကြောင့် အဲဒါနှစ်ခု အခြေအနေမရောက်အောင် တရုတ်ကလည်း သူ့နယ်စပ် သူထိန်းနေတဲ့ သဘောရှိတယ်။ ကျွန်တော်တို့ ပြည်တွင်းကလည်း ဒါကို သတိထားပြီးတော့ ကိုင်နေတယ်။ အခု တပ်မတော်က အမေရိကန်နဲ့လည်း ပေါင်းတယ်။ ရုရှားနဲ့လည်း ပေါင်းတယ်။ ဂျပန်နဲ့လည်း ပေါင်းတယ်။ အားလုံးလုပ်တယ်ပေါ့။ အဲဒီလို လုပ်ပေမယ့် သူက တရုတ်ကိုလည်း ထိန်းညှိ ထားရတဲ့သဘော ရှိတယ်။ ဒါကြောင့် ဗမာပြည်ရဲ့ ပထဝီအနေအထားက အရေးပါတဲ့အခါကျတော့ အားလုံးကို မျှမျှတတ ထိန်းထားနိုင်မှ ကိုယ့်ငြိမ်းချမ်းရေးကိုလည်း ယူနိုင်မယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲလည်း အောင်မြင်အောင် လုပ်ပြီးတော့ တိုင်းပြည်ကို ဂုဏ်သိက္ခာရှိတဲ့ တိုင်းပြည်ပေါ့၊ အင်အားရှိတဲ့ တိုင်းပြည် ပြန်ထူထောင်နိုင်မယ်။
မေး ။ ဗိုလ်မှူးကြီး ဒီအသက်အရွယ် ရောက်ရှိတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မျှော်လင့်မှုကို ပြောပြပေးပါဦး။
ဖြေ ။ ကျွန်တော်က အသက် ၇၀ ရှိပြီ။ တောထဲမှာလည်း ၄၅ နှစ်ပေါ့။ ကျွန်တော့်မျှော်လင့်ချက် ဆိုတာထက်ကို ကိုယ်တိုင်လုပ်တာ ပိုစိတ်အားထက်သန်တယ်။ ထိုင်မျှော်နေရင် ဘာမှမဖြစ်ဘူး။ ကိုယ်တိုင်ဝင်ကြဲမှ။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်တိုင်ဝင်ကြဲနေတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျောရိုးဖြစ်နေတဲ့ NCA စာချုပ်ပေါ့။ ဒီစာချုပ်ကို ကျွန်တော်တို့ ကိုယ်တိုင် ပါဝင်ရေးဆွဲလာတယ်။ စာချုပ်မှာ အခန်းခုနစ်ခန်းမှာ တပ်ပိုင်းဆိုင်ရာ နှစ်ခန်းပဲပါတယ်။ ကျန်တာအားလုံးက နိုင်ငံရေးဆိုင်ရာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စာချုပ်က တကယ်ပြောရရင် အပစ်ရပ်စာချုပ်လို့ ပြောပေမယ့် နိုင်ငံရေးစာချုပ်လည်းဖြစ်တယ်။ အဲဒါဖြစ်အောင် ကျွန်တော်တို့ကိုယ်တိုင် ဝင်လုပ်ထားတယ်။ ဝင်ရေးထားတယ်။ ကိုယ်တိုင်လည်း လက်မှတ်ထိုးတယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ကိုယ်တိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်မှု ကြိုးပမ်းမှု ဘယ်အတိုင်းအတာ ရောက်မလဲတော့ မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ တပ်မတော်နဲ့ လက်ရှိအစိုးရနဲ့ ထိန်းညှိပြီးတော့ သွားရင်တော့ ပြည်ထောင်စု တစ်ဝန်းလုံးကြီး ငြိမ်သွားမယ်။ ဗြုန်းဒိုင်းကြီး အေးသွားမယ်ဆိုတာ ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ပြည်ထောင်စုရဲ့အစိတ်အပိုင်း တော်တော်များများမှာ အေးသွားမယ် ငြိမ်သွားမယ် လူမှုရေးဖွံ့ဖြိုးမှု စီးပွားရေး ဖွံ့ဖြိုးမှု တစ်စုံတစ်ရာရလာမယ်။ အဲဒါကိုပဲ ကျွန်တော်တို့က ငြိမ်းချမ်းရေးအပြည့်အဝရမယ် ပြည်ထောင်စုစနစ်ကို အပြည့်အဝဖော်နိုင်မယ်။အဲဒါကိုပဲ အဓိက မျှော်မှန်းတာ ကိုယ်တိုင်လည်း ဝင်လုပ်တာပေါ့။
မေး ။ ကျွန်တော်တို့ မေးခဲ့တဲ့ မေးမြန်းမှုတွေအပေါ်မှာ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။
ဖြေ ။ ဒီခေတ်က မီဒီယာက စတုတ္တမဏ္ဍိုင် ဖြစ်လာပြီးတော့ တိုင်းပြည်တစ်ပြည်ရဲ့ အပြောင်းအလဲကို တော်တော်လေးကို အားပြုနိုင်တဲ့ ယန္တရားတစ်ခုဖြစ်လာတယ်။ ရုပ်သံမီဒီယာ ပုံနှိပ်မီဒီယာ အကုန်လုံးဟာ လူထုရဲ့အမြင်ကို တော်တော်လေးဖော်ထုတ်နိုင်တယ်။ အနုပညာ၊ မီဒီယာ ဒီလိုင်းတွေဟာ လူထုအတွက် မျက်စိ၊ နား အမှန်တရားလမ်းကြောင်းတွေ ဖွင့်ပေးနိုင်တဲ့ဟာတွေဖြစ်တယ်။ အဲဒါကနေပြီးတော့ လူထုအားနဲ့ပါလာရင် ဘယ်လောက်ပဲ အင်အားရှိတဲ့ တပ်ဖြစ်ဖြစ် ဘယ်လောက်ပဲ လက်ဝါးကြီး အုပ်ထားတဲ့ အာဏာရှင်ဖြစ်ဖြစ် ကျဆုံးမှာပဲ။