မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးနှင့် တွေ့ဆုံခြင်း
Published 3 July 2016
ဆွေမာသိန်းလွင်

“ပဲက အတက်အကျ အရမ်းမြန်တယ်။ မနှစ်က ရှစ်သိန်းဈေးနဲ့ စပေါ်တဲ့ မတ်ပဲဈေးက
၂၅ သိန်းအထိ အမြင့်ဆုံး ဖြစ်သွားတယ်”
 
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲများကို အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူနေခြင်းဖြစ်ကာ လက်ရှိတွင်လည်း ပဲဈေးနှုန်း မြင့်တက်လျက်ရှိနေသည်။ ယခင်က ပဲဈေးကွက်အတွင်း လေရောင်း လေဝယ်ကဲ့သို့ စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကြောင့် ငွေကြေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားခဲ့ရာ ယခုအခါ အာမခံငွေကြေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ပြဿနာဖြစ်ပွားမှုများ လျော့နည်းခဲ့ရသည်ဟု သိရသည်။ သို့ဖြစ်၍ ဈေးကောင်းရရှိနေသည့် ပဲဈေးကွက် အခြေအနေနှင့် အာမခံငွေကြေးစနစ် အကောင်အထည်ဖော် ကျင့်သုံးနေပုံများကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးနှင့် တွေ့ဆုံ၍ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
 
 
■ အိန္ဒိယဘက်က ဝယ်လိုအားကြောင့် ဈေးကောင်းရနေတဲ့ လက်ရှိ ပဲဈေးကွက် အနေအထားကို ပြောပြပေးပါ။
► ပဲအမျိုးပေါင်း ၂၀ လောက် ရှိတဲ့အထဲက မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတွေကို ပြည်ပကို တင်ပို့နေတယ် ။ လက်ရှိမှာ မတ်ပဲက ၁၈  သိန်း လေးသောင်းဝန်းကျင်၊ SQ တစ်တန်ကို ၁၈ သိန်း ကိုးသောင်းဝန်းကျင်၊ ပဲစင်းငုံက ၁၅ သိန်း နှစ်သောင်းဝန်းကျင် ပေါက်ဈေး ရှိနေတယ်။ အိန္ဒိယဘက်က လိုအပ်တဲ့အတွက် ပဲက စပေါ်ချိန်ကနေ အခုထိ မြင့်နေတာကို တွေ့ရတယ်။ အိန္ဒိယဘက်က လိုအပ်ချက်များလို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာမှာ လက်ကျန် ကျန်တဲ့ပဲကို ဝယ်လိုက်တာ။ ၂၀၁၅ ခုနှစ်မှာ မတ်ပဲက တစ်တန်ကို ၂၅ သိန်းအထိ ဖြစ်သွားတယ်။ ပဲစင်းငုံဆိုရင် တစ်တန်ကို သိန်း ၂၀ ထိ ဖြစ်သွားတယ်။  မြန်မာက ပြည်တွင်း ပဲမျိုးထားပါဆိုပြီး အသင်းတွေကနေ ဆော်သြရတဲ့ အဆင့်ရောက်သွားတယ်။ မတ်ပဲက အခုတစ်တန်ကို ၁၈ သိန်းလောက်ရှိတော့ တစ်တန်ကို လေးသိန်းလောက် ထပ်တက်သွားတာပေါ့။  နောက်တစ်ခါ ပဲစင်းငုံကလည်း ၁၅ သိန်းကျော်ဆိုတော့ တစ်သိန်းကျော်လောက် တက်တယ်။
 
■ အရင်နှစ်ကနဲ့ ကာလတူ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ရော ပဲအထွက်မှာရော ဈေးနှုန်းပိုင်းမှာရော ဘယ်လို ကွာခြားမှု ရှိပါသလဲ။
►  ကာလတူ နှိုင်းယှဉ်ကြည့်ရင် ၂၀၁၅ ခုနှစ် ပဲစထွက်ချိန် အခု ၂၀၁၆ ခုနှစ် စထွက်ချိန်နဲ့ ယှဉ်ပါ့မယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် မတ်ပဲတို့ ပဲစင်းငုံတို့ဟာ တစ်တန်ကို ခုနစ်သိန်းခွဲ ရှစ်သိန်း၊ အမြင့်ဆုံး မတ်ပဲဆိုရင် ရှစ်သိန်း၊ ရှစ်သိန်းခွဲမှာ စပေါ်တယ်။ နောက်ဆိုရင် ပဲစင်းငုံဆိုရင် ခုနစ်သိန်း ရှစ်သိန်း၊ ဒီနှစ် ပဲစင်းငုံ စပေါ်ကတည်းက  တစ်တန်ကို ၁၄ သိန်းလောက် စပြီးတော့ တောင်သူ စရောင်းကတည်းက ဈေးရတယ်။ မနှစ်က စပေါ်ချိန်နဲ့ယှဉ်ရင် ထက်ဝက်နီးပါးလောက် ဈေးကောင်းရတယ်။ ဒီနှစ်က တောင်သူ ဈေးကောင်းရတဲ့နှစ်ပါ။ မတ်ပဲကို အိန္ဒိယက လိုအပ်ချက်ကြီးတယ်။ နောက် ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံတို့ကလည်း ဝယ်တယ်။ မတ်ပဲ ရာခိုင်နှုန်း ၈၀၊ ရာ ခိုင်နှုန်း ၉၀ လောက်က အိန္ဒိယကိုသွားတယ်။ ကျန်နိုင်ငံတွေက အရေအတွက် နည်းတယ်။ ပဲတီစိမ်းက ဈေးကွက် ကျယ်ပေမယ့် ဈေးသိပ်မရတာ အယ်လ်နီညိုကြောင့်ပါ။ အရမ်းပူလို့ အရောင် သိပ်မကောင်းတော့ ဈေးသိပ်မကောင်းတော့ဘူး။
 
■ လယ်ယာထွက်ကုန်တွေ နိုင်ငံခြားကို တင်ပို့တဲ့ နေရာမှာ ပဲတင်ပို့မှုဟာ ရာခိုင်နှုန်း ဘယ်လောက်လောက်ရှိလဲ။
►ပြောရမယ်ဆိုရင်တော့ သဘာဝဓာတ်ငွေ့ပြီးရင် ပဲမျိုးစုံတင်ပို့မှုက ဒုတိယ အများဆုံးပါ။ တင်ပို့မှု အနေအထားကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၄ သိန်းကျော်လောက် တင်ပို့နိုင်တယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ရာသီဥတုပူတော့ အထွက်လျော့တယ်။ တန် ၁၂ သိန်းကျော်လောက်ပဲ တင်ပို့နိုင်တယ်။ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သုံးမျိုးကိုတော့ ပေါ်တာနဲ့ ပြည်ပကို တင်ပို့တယ်။
 
■ တင်ပို့တဲ့ တန်ချိန်က မနှစ်ကလောက် မများဘူး။ တင်ပို့ရာကရတဲ့ ဝင်ငွေကတော့ များတယ်လို့ သိရပါတယ်။
►၂၀၁၅ ခုနှစ်က မတ်ပဲနောက်ဆုံး ကုန်ခါနီးအချိန်မှာ တစ်တန်ကို ၂၅ သိန်းအထိ ပြည်တွင်းဈေး ရောက်တယ်။ FOB နဲ့ဆိုရင် တစ်တန်ကို  ဒေါ်လာ ၂၀၅၀ ၊ ၂၁၀၀ လောက်ထိ ဖြစ်သွားတယ်။ ဒီနှစ်မှာလည်း ပြည်တွင်းဈေးရော FOB ဈေးပါ မြင့်နေတဲ့အတွက် တင်ပို့မှု နည်းပေမယ့် ရငွေ များသွားတာပါ။ တင်ပို့မှုက အခုမှ အစပဲ ရှိသေးတာဆိုလို့ အနည်းအများ ခန့်မှန်းလို့ မရသေးဘူး။ ဝယ်လိုအား များနေတာ ဆိုတော့လေ။
 
■  အရင်ကဆိုရင် ပဲအရောင်းအဝယ် လုပ်ကြရာမှာ လေရောင်းလေဝယ် လုပ်ခဲ့လို့ ငွေကြေးပြဿနာတွေ ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ အခုရော အရောင်းအဝယ် လုပ်တဲ့အခါမှာ ငွေချေတဲ့စနစ်ကို ဘယ်လိုတွေ ပြုလုပ်ထားပါသလဲ။
►   ပဲက အတက်အကျ အရမ်းမြန်တယ်။ မနှစ်က ရှစ်သိန်းဈေးနဲ့ စပေါ်တဲ့ မတ်ပဲဈေးက ၂၅ သိန်းအထိ အမြင့်ဆုံးဖြစ်သွားတယ်။ ၂၀၁၅ ခုနှစ် မနှစ်ကပေါ့။ ထိုနည်းလည်းကောင်းပဲ ပဲစင်းငုံဆိုရင် တစ်တန်ကို ခုနစ်သိန်းခွဲ ရှစ်သိန်းလောက် စပေါ်တယ်။ နောက်ဆုံး သိန်း ၂၀ လောက်အထိ အမြင့်ဆုံး ဖြစ်သွားတယ်။ ပြောရရင် ဈေးနှုန်း အနိမ့်အမြင့် ကွာဟချက်က အချို့နှစ်တွေမှာ အရမ်းများတာပေါ့။ ဘာပဲပြောပြော ကြိုရောင်း ကြိုဝယ်၊ လေရောင်း လေဝယ် လုပ်တဲ့အခါမှာ မလျော်နိုင် မစားနိုင် ဖြစ်တာတွေက ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်တွေမှာ ခဏခဏ ပြဿနာဖြစ်တယ်။ တော်ရုံဈေးကျမယ်ထင်လို့။ ရောင်းဝယ်ပစ္စည်းက လက်ဝယ် မရှိဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ ဈေးတက်သွားတဲ့အခါ မလျော်နိုင်တော့ဘူး။ ဒါ့ကြောင့် အသင်းအဖွဲ့တွေကနေ လေရောင်း လေဝယ် မလုပ်ပါနဲ့။ တားရတယ်။ တားပြီးတဲ့နောက်မှာ ကြိုရောင်း ကြိုဝယ် လုပ်မယ်ဆိုရင် တစ်လအတွင်း ရောင်းသူနဲ့ ဝယ်သူ ရာခိုင်နှုန်း ၁၀ စီ Deposite တင်ပေါ့။ ကြိုတင်အာမခံ တင်ပြီးတော့ အရောင်းအဝယ် လုပ်ဖို့ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်နှစ်လောက် က ဘုရင့်နောင်ကုန်စည်ဒိုင်မှာ MCB ဘဏ်ကို ဖွင့်ပေးထားတယ်။ ကြိုရောင်းကြိုဝယ် တစ်လထက် ကျော်လို့မရဘူး။ တစ်လအတွင်း အရောင်းအဝယ် လုပ်ကြတဲ့အခါ ရာခိုင်နှုန်း ၁၀  ရောင်းသူနဲ့ ဝယ်သူက အာမခံငွေကြေး တင်ပြီးတော့ အရောင်းအဝယ် လုပ်တဲ့ စနစ်မျိုး စပြီးတော့ အကောင်အထည် ဖော်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခဲ့ဘူး။
 
■  အာမခံတင်တဲ့စနစ်က ဘယ်လိုထိန်းချုပ်နိုင်တာလဲ။ အဲဒီစနစ်နဲ့ အဓိက ထိန်းချုပ်တယ် ဆိုတဲ့ အချက်က ဘာများလဲရှင့်။
►  ဥပမာပစ္စည်းတစ်ခုကို လက်ဝယ်မှာ မရှိပေမယ့် အရောင်းအဝယ် လုပ်မယ်ဆိုရင် ရောင်းသူ ရော ဝယ်သူရောက အရောင်းအဝယ်လုပ်မယ့် ဈေးအပေါ်မှာ ရာခိုင်နှုန်း ၁၀ အာမခံကို နှစ်ယောက်လုံးကို တင်ခိုင်းတဲ့သဘော။ ဆိုလိုတာက မတ်ပဲကိုလာမယ့် တစ်လအတွင်းမှာ တစ်တန်ကို  ၁၈ သိန်းနဲ့ ရောင်းချင်တယ်။ ဝယ်တဲ့လူကလည်း ဝယ်မယ်ဆိုရင် တန် ၁၀၀ အရောင်းအဝယ် လုပ်မယ်ဆိုရင် တန် ၁၀၀ မှာ သိန်း ၁၈၀၀ ကို ရာခိုင်နှုန်း ၁၀ ဖြစ်တဲ့ သိန်း ၁၈၀ အာမခံကြေး နှစ်ယောက်လုံး တင်ရမယ်။ အပ်ပြီးတဲ့အခါမှာ တကယ်တမ်း တစ်လအတွင်းမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ရောက်သွားပြီဆိုရင် ပစ္စည်းကို အပ်ပေးရတော့မယ်။ အဲဒီအခါမှာ အာမခံတင်ထားတဲ့ငွေကြေးကို ရောင်းသူကပြန်ပြီး ထုတ်ယူခွင့်ရှိတယ်။  ပဲကိုလည်း တစ်ခါတည်း အပ်ပေးရတော့မယ်ပေါ့နော်။ ဆိုလိုတာက အာမခံငွေ တင်တာ ပြဿနာနည်းတယ်ဆိုတာ အခုနက ပြောသလိုပေါ့၊ ဈေးကွာဟချက် များတော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုကို သွားထိတဲ့အခါ ပဲအပ်ငွေ ရှင်းပြီးတော့ တစ်ခါတည်း ရှင်းရတာ။ အာမခံငွေ မတင်ဘဲ အရောင်းအဝယ် လုပ်ထားမယ်ဆိုလို့ရှိရင် မထင်မှတ်ဘဲ ဒီတစ်လအတွင်း ၂၅ သိန်း မဖြစ်ဘူး မပြောနိုင်ဘူး။  ၂၅ သိန်း ဖြစ်သွားရင် တစ်တန်ပေါ်မှာ ခုနစ်သိန်းကွာတယ်။ တန် ၁၀၀ ရောင်းထားရင် သိန်း ၇၀ လောက်ရှုံးပြီ။ အဲဒီလို တန်အရေအတွက် အရမ်းများရင် မခံနိုင်တော့ဘူး။ ထွက်ပြေးတာများလို့ အာမခံငွေတင်တာ အကောင်အထည်ဖော်ရတာ။
 
■  ပို့ကုန် သုံးဆတိုးနိုင်ဖို့ လက်ရှိအစိုးရက ပြောထားတယ်။ အဲဒီတော့ ဒုတိယအများဆုံး ပို့ကုန်ဖြစ်တဲ့ ပဲ တင်ပို့မှုကို တိုးမြှင့်ဖို့ဆိုရင် ဘာတွေလိုအပ်လိမ့်မလဲ။
►  ဝယ်တဲ့ နိုင်ငံတွေကတော့ လိုအပ်ချက် ရှိသလောက် ကမ်းလှမ်းကြပါတယ်။ အိန္ဒိယကလည်း အခုဆို G to G ဝယ်ဖို့ ကမ်းလှမ်းတာတွေရှိတော့ ပို့ကုန် သုံးဆမှာ စိုက်ပျိုးတဲ့ တောင်သူတစ်ဧက ထွက်နှုန်းမှာ အထွက်ကောင်းလာအောင် နိုင်ငံတော်ကရော ကုန်သည်ပိုင်းကပါ မျိုးစေ့ဘဏ်လိုမျိုး လုပ်ဖို့ အသင်းကနေ တိုက်တွန်းတယ်လို့ အဓိကပြောချင်ပါတယ်။         

Most Read

Most Recent