မြန်မာ့ရှေ့ဆောင်ဘဏ်က တောင်သူလယ်သမားများကို နှစ်လတ်ချေးငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထုတ်ချေးထားပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုရှိ မြို့နယ် ၁၄ ခု၌ နှစ်လတ်ချေးငွေ ထပ်မံထုတ်ချေးရန် ရှေ့ပြေး စမ်းသပ်မည်

မြန်မာ့ရှေ့ဆောင်ဘဏ်က တောင်သူလယ်သမားများကို နှစ်လတ်ချေးငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော် ထုတ်ချေးထားပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုရှိ မြို့နယ် ၁၄ ခု၌ နှစ်လတ်ချေးငွေ ထပ်မံထုတ်ချေးရန် ရှေ့ပြေး စမ်းသပ်မည်
Published 3 July 2016

မြန်မာ့ရှေ့ဆောင်ဘဏ်က တောင်သူလယ်သမားများကို နှစ်လတ်ချေးငွေများ ထုတ်ပေးမှုအဖြစ် ကျပ်သိန်းပေါင်း ၂၅၅၈၈ ကျော် ထုတ်ချေးပေးထားပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုရှိ မြို့နယ် ၁၄ ခုတွင် နှစ်လတ်ချေးငွေများ ထပ်မံထုတ်ချေးပေးရန် ထပ်မံ စမ်းသပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် ပိုင်ရှင်ဖြစ်သည့် Eden Group ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဦးချစ်ခိုင်က ပြောကြားသည်။ရှေ့ပြေးအဖြစ် နှစ်လတ်ချေးငွေများ ထပ်မံထုတ်ချေးပေးမည့် နေရာများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ဓနုဖြူ၊ ဘိုကလေး၊ ဒေးဒရဲနှင့် မအူပင်မြို့နယ်တို့ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် နတ်တလင်း၊ တောင်ငူနှင့် ဖြူး မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးတွင် တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့တွင် နှစ်လတ်ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြို့နယ်တစ်မြို့နယ်စီ၌ နှစ်လတ်ချေးငွေများ ထုတ်ချေးပေးရန် လျာထားပြီး မြန်မာ့ရှေ့ဆောင်ဘဏ်၏ နှစ်လတ်ချေးငွေ ပြန်ဆပ်ရမည့်ကာလမှ သုံးနှစ်ဖြစ်သည်။မြန်မာ့ရှေ့ဆောင်ဘဏ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က မအူပင်ဘဏ်ခွဲမှ ဧက ၂၀၄၃ ဧကကျော်အတွက် နှစ်လတ်ချေးငွေ ကျပ်သိန်းပေါင်း ၅၉၅၂ သိန်းကျော် ထုတ်ချေးပေးထားပြီး တောင်ငူဘဏ်ခွဲမှာ ဧက ၁၄၆၀ ကျော်အတွက် ၅၅၈၇ သိန်းကျော် ထုတ်ချေးခဲ့သည်။ ထို့ပြင် နတ်တလင်းဘဏ်ခွဲမှ ဧက ၂၇၀ ကျော်အတွက် ကျပ် ၁၀၆၆ သိန်းကျော် ထုတ်ချေးခဲ့ကာ ဘိုကလေးဘဏ်ခွဲမှ ဧက ၂၆၀၀ ကျော်အတွက် ကျပ်သိန်း ၂၆၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ထို့ပြင် လက်ရှိဘဏ္ဍာနှစ်အတွက် ချေးငွေ ထုတ်ချေးပေးရာတွင် မအူပင်ဘဏ်ခွဲမှ ၁၁၇၉ ဧကကျော်အတွက် ကျပ် ၄၀၉၁ သိန်းကျော် ထုတ်ချေးပေးခဲ့ပြီး တောင်ငူဘဏ်ခွဲမှလည်း နွေစပါး စိုက်ပျိုးမည့် ၁၄၉၅ ဧကကျော် အတွက် ၅၈၇၃ သိန်းကျော် ထုတ်ချေးခဲ့သည်။ထို့ပြင် နတ်တလင်းဘဏ်ခွဲမှ ၉၂ ဧကကျော်အတွက် ကျပ် ၃၆၈ သိန်းကျော် ထုတ်ချေးပေးခဲ့ပြီး မအူပင်ဘဏ်ခွဲမှ ဧက ၁၆၁၇ ဧကကျော်အတွက် ငွေကျပ် ၄၅၂၀ သိန်းကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရှိရသည်။

Most Read

Most Recent