ဆယ်ကျော်သက်အရွယ် မိန်းကလေး သုံးဦးအား အလုပ်ရမည်ဟုပြောပြီး တောင်ကြီးမြို့သို့ ခေါ်ဆောင်ရန် စီစဉ်သူသုံးဦးကို လှိုင်သာယာမြို့နယ်တွင် အမှုဖွင့်

ဆယ်ကျော်သက်အရွယ် မိန်းကလေး သုံးဦးအား အလုပ်ရမည်ဟုပြောပြီး တောင်ကြီးမြို့သို့ ခေါ်ဆောင်ရန် စီစဉ်သူသုံးဦးကို လှိုင်သာယာမြို့နယ်တွင် အမှုဖွင့်
Published 1 July 2016

လှိုင်သာယာမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးသုံးဦးအား အလုပ်ရမည်ဟု ပြောဆိုပြီး တောင်ကြီးမြို့သို့ ခေါ်ဆောင်ရန် စီစဉ်သူသုံးဦးကို အမှုဖွင့်ထားကြောင်း ဇူလိုင် ၁ ရက်က မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
 
ဇွန် ၃၀ ရက်မွန်းလွဲ ၁ နာရီခန့်က လှိုင်သာယာမြို့နယ်နေ ဒေါ်ဥမ္မာ (၃၆) နှစ်သည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ မ........(၁၅) နှစ်သည် ၎င်း၏ညီမဝမ်းကွဲ တော်စပ်သူ မ.......(၁၆)နှစ်၊ သူငယ်ချင်းဖြစ်သူ မ......(၁၇)နှစ်တို့နှင့်အတူ ဈေးရောင်းရန်အတွက် ထွက်သွားခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် လိုက်လံစုံစမ်း ရှာဖွေစဉ် ၎င်းတို့မှာ ရဲစခန်းသို့ ရောက်ရှိနေသည်ဟု ကြားသိရသဖြင့် သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့ကြောင်း သိရသည်။
 
ထိုသို့မေးမြန်းရာ ၎င်းတို့သုံးဦးမှာ ယင်းနေ့ နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် (၁၃) ရပ်ကွက် ပင်လုံဈေး၌ ဈေးရောင်းနေစဉ် ဧရာဝတီတိုင်း ဒေသကြီးနေ ဦးရွှေငြိမ်း (၅၂)နှစ်ဆိုသူ ရောက်ရှိလာပြီး တောင်ကြီးမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဖြစ်ကြောင်း၊ တစ်လလျှင် ကျပ်တစ်သိန်းရရှိမည် ဖြစ်ကြောင်းနှင့် ၎င်း၏တူမဖြစ်သူ တောင်ကြီးမြို့နေ မ........ (၄၀) နှစ်နှင့် လှိုင်သာယာမြို့နယ်နေ မ....... (၄၃)နှစ်တို့မှ လှမ်းခေါ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
 
ထို့နောက် ၎င်းတို့သုံးဦးအား ဦးရွှေငြိမ်းက ဘီအိုစီ ကားမှတ်တိုင်အနီးသို့ အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားရန် ပြင်နေစဉ် (၁၁) ရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့မှ မသင်္ကာဖြစ်ပြီး နောက်မှလိုက်ကာ တားဆီးပြီး သက်ဆိုင်ရာ ရဲစခန်းသို့ ပို့အပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်အား ဒေါ်ဥမ္မာက အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
“သူတို့သုံးဦးကိုတော့ အခုလူခိုးမှုနဲ့ အမှုဖွင့်ထားပါတယ်။ သုံးဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု သောင်ကြီးနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
 
အဆိုပါ ဖြစ်စဉ်အား သောင်ကြီးနယ်မြေ ရဲစခန်းက (ပ) ၅၁၂/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။