ဗီယက်နမ်အခြေစိုက် BIDV ဘဏ်ခွဲ ပြည်တွင်း၌ ဇူလိုင် ၃၁ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်မည် ဖြစ်သော်လည်း ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၅ သန်းဖြင့် ဇူလိုင် ၁ ရက်တွင် လုပ်ငန်းစတင် နေပြီဖြစ်ကြောင်း BIDV ဘဏ်မှ သတင်းရရှိသည်။
BIDV ဘဏ်ခွဲကို ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၉၂၊ Hoang Anh Gia Lai Myanmar Center Tower တွင် ဖွင့်လှစ်မည်ဖြစ်သည်။
BIDV ဘဏ်ခွဲအနေဖြင့် ကနဦးတွင် နိုင်ငံခြားကုမ္ပဏီများ၊ ဗီယက်နမ်ကုမ္ပဏီများနှင့် ဆက်နွှယ်သော JV လုပ်ငန်းများအား ဘဏ်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နည်းဥပဒေများပေါ် မူတည်၍ ပြည်တွင်း customer များ၏ လိုအပ်ချက်ပေါ်တွင် ခေတ်မီဘဏ် ဝန်ဆောင်မှုများကိုပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
"မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ အဓိကဖြစ်တဲ့ ဘဏ်လုပ်ငန်းအတွက် ထူးခြားတဲ့နေ့ တစ်နေ့ဖြစ်သလို BIDV ဘဏ်ရဲ့ မှတ်တမ်းဝင်တဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာနဲ့အညီ စီးပွားရေးလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်ဖို့အတွက် နိုင်ငံခြားဘဏ်တွေရဲ့ ရုံးခွဲဖွင့်လှစ်ခွင့်ကို ၂၀၁၄ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံခြားဘဏ် ကိုးဘဏ်ကို ခွင့်ပြုခဲ့ပြီး အခုဒုတိယအကြိမ် အဖြစ် နိုင်ငံခြားဘဏ်ခွဲ လေးခုကို ခွင့်ပြုပေးခဲ့ပါတယ်။ ခွင့်ပြုခဲ့တဲ့ ဘဏ်လေးခုအနက် ဗီယက်နမ် BIDV ဘဏ်က ပထမဆုံး စတင်ဖွင့်လှစ်တဲ့ဘဏ် ဖြစ်ပါတယ်။ BIDV ဘဏ်က ၂၀၁၀ ပြည့်နှစ်မှာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်တွေမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် SME ကဏ္ဍနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ BIDV ဘဏ်ခွဲဖွင့်လှစ်ခြင်းနှင့်အတူ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းကဏ္ဍတွေမှာ အတွေ့အကြုံကောင်းတွေ၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုတွေမှာ အတွေ့အကြုံကောင်းတွေ ရမယ်လို့ မျှော်လင့်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဥပဒေ စည်းမျဉ်းများနှင့်အညီ ဘဏ်လုပ်ငန်းဆောင်ရွက်မှု ကိစ္စတွေအပေါ်မှာ ကူညီဆောင်ရွက်သွားမှာပါ" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် (နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန) ဦးဝင်းသော်က ပြောကြားသည်။
BIDV ဘဏ်သည် ဗဟိုဘဏ်မှ ဒုတိယအကြိမ်မြောက် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင်ရဘဏ် လေးခုအနက် ပထမဆုံးဘဏ်ခွဲ ဖွင့်လှစ်သည့် ဘဏ်တစ်ခုဖြစ်ပြီး ဗဟိုဘဏ် အနေဖြင့် မတ် ၄ ရက်တွင် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်မှ BIDV ဘဏ်အပါအဝင် ထိုင်ဝမ်နိုင်ငံမှ E.Sun Commercial ဘဏ်၊ ကိုရီးယား နိုင်ငံမှ Shinhan ဘဏ်နှင့် State Bank of India ဘဏ်တို့ကို ပဏာမရွေးချယ် ခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်၏ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအရ လိုင်စင်ရ နိုင်ငံခြား ဘဏ်များသည် ဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ခွင့် ရရှိမည်ဖြစ်ပြီး မတည်ငွေအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် အပ်နှံထားရမည်ဖြစ်သည်။
ထို့အပြင် နိုင်ငံခြားဘဏ်ခွဲများသည် လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်မရှိဘဲ လက်ကားဘဏ် လုပ်ငန်းများ လုပ်ဆောင်ခြင်းတွင် ပြည်တွင်းဘဏ်များနှင့် ပြည်ပကုမ္ပဏီများဖြင့်သာ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကန့်သတ်ထားသည်။
ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံခြားဘဏ်များ အနေဖြင့် ပြည်တွင်း ဘဏ်များနှင့် နိုင်ငံခြားလုပ်ငန်းများကိုသာ ငွေထုတ်ချေးနိုင်မည်ဖြစ်ပြီး ထုတ်ချေးမည့် အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြား သတ်မှတ်ထားကာ နိုင်ငံခြားငွေဖြင့် ထုတ်ချေးမည်ဆိုလျှင် နှစ်ဦးသဘောတူ သင့်တော်သည့်နှုန်းဖြင့် ထုတ်ချေးနိုင်သည်။
မြန်မာနိုင်ငံသည် ၁၉၆၃ ခုနှစ် နောက်ပိုင်းမှစ၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားဘဏ်ခွဲ လုပ်ကိုင်ခွင့်လိုင်စင် ကိုးခုချထားပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားဘဏ် လေးခုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်မံခွင့်ပြုပေးခဲ့သည်။
ဗီယက်နမ်အခြေစိုက် BIDV ဘဏ် ရန်ကုန်မြို့၌ ဇူလိုင် ၃၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၅ သန်းဖြင့် လုပ်ငန်းစတင်










