သန်လျင်မြို့နယ် တရားရုံးဝင်းအတွင်း ရပ်ထားသည့် အချုပ်ယာဉ်တစ်စီးပေါ်တွင် အကျဉ်းသားတစ်ဦးအား ပိုက်ဆံတောင်းရာ မပေးသဖြင့် အခြားအကျဉ်းသား ခုနစ်ဦးက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဇွန် ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲကျော်တွင် သန်လျင်မြို့နယ် တရားရုံးဝင်းအတွင်း ရပ်ထားသည့် အချုပ်ယာဉ်ပေါ်၌ အကျဉ်းသားများ စကားများ ရန်ဖြစ်နေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဒုရဲအုပ်ဝင်းမော်အောင် လုံခြုံရေးအဖြစ် လိုက်ပါလာသည့် အချုပ်ယာဉ်ပေါ်တွင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီးလေးဦးတို့ လိုက်ပါလာကြောင်း သိရသည်။အဆိုပါယာဉ်ပေါ်မှ ပုဒ်မ ၃၈၆ ဖြင့် သန်လျင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ဖိုးလုံး (ခ) စိုးလင်းထိုက်၊ သက်မင်းဦး၊ စည်သူမင်း၊ မင်းဇော်၊ ဆန်းမင်းကျော်၊ လှသိန်းနှင့် ရဲအက် ၃၆ အမှုဖြင့် အမှုရင်ဆိုင်နေရသည့် စိုးအောင်တို့သည် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုရင်ဆိုင်နေရသည့် ဘိုဘိုထွန်းထံမှ ငွေ ၅၀၀၀ ကျပ်တောင်းရာ မပေးသဖြင့် စကားများရန်ဖြစ်ပြီး အဆိုပါအကျဉ်းသားခုနစ်ဦးက ဘိုဘိုထွန်းအား လက်သီးဖြင့် ထိုး၊ ခြေကျင်းဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း သိရသည်။ထိုသို့ ဝိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဘိုဘိုထွန်းမှာ ယာမျက်ခုံးပေါက်ပြဲနှင့် ဝဲနားနောက် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သည်။ထိုသို့ ရိုက်နှက်ခဲ့သည့် အကျဉ်းသားခုနစ်ဦးအား သန်လျင်မြို့မ ရဲစခန်းက (ပ) ၁၀၅၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၅/၂၉၄/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
အချုပ်ယာဉ်ပေါ်တွင် အကျဉ်းသားတစ်ဦးအား ပိုက်ဆံတောင်းရာ မပေးသဖြင့် အခြားအကျဉ်းသား ခုနစ်ဦးက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား