လက်ရှိတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဝယ်ယူရာတွင် ကနဦးငွေပေးချေရမှုမှာ အများစုအတွက် အခက်အခဲများ ရှိနေပြီး အစိုးရနှင့် ဘဏ်များက ကာလရှည်ငွေကြေး ထောက်ပံ့မှု ပေးနိုင်မှသာ လူတန်းစား အားလုံးအတွက် အိမ်ရာဖော်ဆောင်မှု ပိုမိုကောင်းမွန်လာမည်ဟုဆို

လက်ရှိတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဝယ်ယူရာတွင် ကနဦးငွေပေးချေရမှုမှာ အများစုအတွက် အခက်အခဲများ ရှိနေပြီး အစိုးရနှင့် ဘဏ်များက ကာလရှည်ငွေကြေး ထောက်ပံ့မှု ပေးနိုင်မှသာ လူတန်းစား အားလုံးအတွက် အိမ်ရာဖော်ဆောင်မှု ပိုမိုကောင်းမွန်လာမည်ဟုဆို
Published 30 June 2016
အေးမို့မို့အောင်သူ၊ စောရည်နန္ဒာ

လက်ရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဝယ်ယူရာတွင် ကနဦးငွေပေးချေရမှု (Down Payment) မှာ အများစုအတွက် အခက်အခဲများ ရှိနေပြီး အစိုးရနှင့် ဘဏ်များက ကာလရှည် ငွေကြေးထောက်ပံ့မှု ပေးနိုင်မှသာ လူတန်းစား အားလုံးအတွက် အိမ်ရာဖော်ဆောင်မှု ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ပြည်တွင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက် House.com.mm ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိဖော်ဆောင်နေသည့် တန်ဖိုးနည်းအိမ်ရာများသည် အမှန်တကယ် အိမ်ရာလိုအပ်နေသူများနှင့် အခြေခံလူတန်းစားများ အတွက် ဖော်ဆောင်ထားသည့် တန်ဖိုးနည်း အိမ်ရာများအား ဝယ်ယူနိုင်ရန် အခက်အခဲများ ရှိနေဆဲဟု House. com.mm ၏ထုတ်ပြန်ချက်က ဆိုသည်။
စစ်တမ်းဖော်ပြချက်အရ အချို့သော အိမ်ရာလိုအပ်လျက်ရှိသည့် အိမ်ထောင်စုများအတွက် Down Payment ကို ပေးချေနိုင်ရန် အခက်ခဲအများ ရှိနေပြီး အိမ်ရာပိုင်ဆိုင်လိုသူများ၏ ဝင်ငွေနှုန်းထားသည် အိမ်တန်ဖိုး၏ သတ်မှတ်ထားသည့် ကာလနှင့် ပမာဏကို ပေးစွမ်းနိုင်ခြင်းမရှိ ဖြစ်နေဟု ထုတ်ပြန်ချက်က ဆိုသည်။
"အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို လုပ်ဆောင်ပေးတဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တစ်ခုပါ။ တန်ဖိုးနည်း အိမ်ရာတွေဟာ Down Payment ပေးချေနိုင်တဲ့ သူတွေအတွက် အဆင်ပြေစေ နိုင်ပါတယ်။ နောက်တစ်ခုက အစိုးရကပဲဖြစ်ဖြစ် ဘဏ်တွေကပဲဖြစ်ဖြစ် ကာလရှည် ငွေကြေးထောက်ပံ့မှု ပေးနိုင်မယ်ဆိုရင် လူတန်းစား အားလုံးအတွက် အိမ်ရာဖော်ဆောင်မှုဟာ ပိုမိုကောင်းမွန်လာမှာပါ" ဟု House. com.mm မှ  Co-founder မန်နေဂျင်းဒါရိုက်တာ Mr.Nitesh Khirwal က ပြောကြားသည်။
ယခုလက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒဂုံဆိပ်ကမ်းတွင် ဆောက်လုပ်ထားသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာ ၂၂၀၀ ကျော် အပါအဝင် လှိုင်သာယာမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများကို စတင်ရောင်းချ ပေးနေကြောင်း သိရသည်။
"ဝင်ငွေနည်းတဲ့ မိသားစုတွေ နောက်တစ်ခုက မြန်မာနိုင်ငံမှာ အိမ်နဲ့ပတ်သက်ပြီး ငွေကိုစုဆောင်းထားတဲ့ အလေ့အကျင့်လေးတွေ မရှိတဲ့အခါမှာ Down Payment ကို ပေးသွင်းနိုင်ဖို့ အခက်အခဲလေးတွေ ရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ကိုဝယ်ယူဖို့ မဲပေါက်တဲ့ အချို့သူတွေ အနေနဲ့ Down Payment လို့ခေါ်တဲ့ စနစ်တစ်ခုအရ ပေးချေရမယ့် ငွေကြေးပမာဏကို ပေးချေနိုင်စွမ်းမရှိတဲ့ အတွက်လည်း ဝယ်ယူဖို့ အခွင့်အရေး ဆုံးရှုံးရတာမျိုးတွေ ကြုံတွေ့နေရတာလေးတွေ ရှိပါတယ်" ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ ဦးဝင်းဇော်က သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တွင်၂၀၁၃ ခုနှစ်မှစတင်ပြီး ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာများကို ဆောက်လုပ်ရောင်းချခဲ့ပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖြစ်သည့် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအား၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။ သို့သော် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများကို အရစ်ကျ ဝယ်ယူထားသူ အနေဖြင့် နောက်ပိုင်းတွင် ဆက်လက်ပေးသွင်းနိုင်ခြင်း မရှိသည့် အခက်ခဲများလည်း ရှိနေကြောင်း သိရသည်။ 
"အခုလို တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်ပေးလာတာ ကောင်းပါတယ်။ အိမ်တစ်လုံးကို ဒီအတိုင်း ဝယ်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါကြောင့် တန်ဖိုးနည်းအိမ်ရာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ အရစ်ကျ ဝယ်ယူနိုင်မယ်ဆိုရင် ကောင်းပါတယ်။  ဒါပေမဲ့ ကျွန်တော်တို့လို လက်လုပ်လက်စားတွေအတွက် လစဉ်အရစ်ကျနဲ့ ဝယ်လို့ရမယ်ဆိုရင်တောင် ပိုက်ဆံပေးသွင်းနိုင်ဖို့က အခက်အခဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေအတွက် အိမ်ရာပိုင်ဆိုင်ဖို့ဆိုတာ အလှမ်းဝေးပါသေးတယ်" ဟု တန်ဖိုးနည်းအိမ်ရာများနှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကိုဝဏ္ဍအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူနိုင်သူ အများစုမှာ စုစုပေါင်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အကြားသာ ရှိနေပြီး အဆိုပါ ဝယ်ယူနိုင်သူများထဲမှ အများစုမှာလည်း အိမ်ခြံမြေ ဝယ်ယူမြှုပ်နှံမှု ပြုလုပ်နေသူများ ဖြစ်သည်။
ဘဏ်များအနေနှင့် ကာလရှည်ငွေချေးစနစ်ဖြင့် တိုက်ခန်း အဆောက်အအုံများ ဝယ်ယူရာတွင် ကာလရှည် ငွေထုတ်ပေးနိုင်ရန် ဗဟိုဘဏ်၏ ကန့်သတ်ချက်က အဓိက အခက်အခဲ ဖြစ်နေသည်ဟု ပြည်တွင်းဘဏ် လုပ်ငန်းများမှ တာဝန်ရှိသူများက သုံးသပ်မှုများ ရှိနေသည်။
လက်ရှိရန်ကုန်မြို့တွင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကြေညာထားသည့် ကျပ်သိန်း ၁၀၀ ဝန်းကျင် တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ ကျော်ကို လာမည့်နှစ်နှစ်အတွင်း ဆောက်လုပ်မည်ဟု သတင်းထုတ်ပြန် ထားကြောင်း သိရသည်။       
 
                           

Most Read

Most Recent