ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်မှုများကြောင့် ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှု အဖွဲ့ (The Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။FATF အဖွဲ့က ဇွန် ၂၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အတူ ပါပူအာနယူးဂီနီတို့ကို အမည်ပျက် စာရင်းမှ ဖယ်ရှား ပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်မှု မရှိသောကြောင့် အမည်ပျက် စာရင်းတွင် ၂၀၀၁ ခုနှစ် ကတည်းက ထည့်သွင်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသည် အမေရိကန်၊ အီးယူ၊ ဂျပန် အပါအဝင် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများမှ ကင်းလွတ်လာမှု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မှာလည်း တိုးတက်မှုများ ဖြစ်ထွန်းလာသည်ဟု FATF က သုံးသပ်သည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များပြားလာသည်နှင့် အမျှ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း FATF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် FATF က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှု ရှိသည့် နိုင်ငံများ စာရင်းတွင် ထည့်သွင်းခဲ့ပြီး ယခု ဇွန်လ နောက်ဆုံးပတ်တွင် နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်သည်။ပုဂ္ဂလိကဘဏ် တစ်ခုမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက “မြန်မာနိုင်ငံက အရင် ကတည်းက ငွေကြေးခဝါချမှုတွေ ရှိခဲ့ပြီး ဒါကို ဖြေရှင်းဖို့ ပူးပေါင်း ပါဝင်မှု မရှိတာကြောင့် အမည်ပျက်စာရင်း အသွင်းခံရတာပါ။ မြန်မာနိုင်ငံမှာ ငွေကြေး ခဝါချမှုတွေ များတော့ နောက်ပိုင်း ၂၀၁၁၊ ၂၀၁၂ လောက်ကနေ စပြီး ဒါကို အရေးယူဖို့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ခဲ့တာကြောင့် အမည်ပျက် စာရင်းကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပယ်ဖျက်ခံခဲ့ရတာကြောင့် ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေး လုပ်ငန်းတွေ၊ ငွေလွှဲပြောင်းမှုတွေ လုပ်ရကိုင်ရ အဆင်ပြေလာမယ်၊ မဟုတ်တာ လုပ်ရင်တော့ ပြင်းထန်တဲ့ အရေးယူမှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်မှု ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး နည်းဥပဒေများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းနည်း ဥပဒေများ၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး နည်းဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ကို ဖွဲ့စည်းထားပြီး FATF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။အဆိုပါ ဗဟိုအဖွဲ့များ အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ သတင်းဖလှယ်ခြင်း၊ စီစဉ် ညွှန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ စီမံခြင်းနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံ အချင်းချင်း အကူအညီပေးရေး ဥပဒေနှင့် အညီ ပူးပေါင်း ဆောင်ရွက်ခြင်း၊ လေ့ကျင့်ရေး နည်းပညာ ပူးပေါင်းဆောင်ရေး၊ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်နေကြောင်း သိရသည်။
ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်မှုများကြောင့် FATF အဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက် စာရင်းမှ ပယ်ဖျက်










