ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အတွင်းရှိ ပြဒါးလင်းဂူနှင့် ကျောက်ခေတ် ယဉ်ကျေးမှုများ ထပ်မံ တွေ့ရှိထားသည့် ကမ်းပါးနီဒေသတို့အား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း၌ အကြီးစား ပြုပြင်ထိန်းသိမ်းမှုနှင့် စမ်းသပ် သုတေသနပြုလုပ် တူးဖော်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ စုံစမ်းသိရသည်။ပြဒါးလင်းဂူနှင့် ကျောက်ခေတ် ယဉ်ကျေးမှု အထောက်အထားများကို ၂၀၁၅ ခုနှစ်က တွေ့ရှိခဲ့သည့် ကမ်းပါးနီ ဒေသတို့အား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကျပ်သိန်း ၇၀၀ ကျော်ခန့်ဖြင့် အကြီးစားပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ကနဦး အနေဖြင့် ကျောက်ခေတ် အထောက်အထားများ ပိုမိုခိုင်မာလာစေရန် အတွက် စမ်းသပ်ကျင်းများ တူးဖော်၍ သုတေသန ပြုလုပ်ခြင်း၊ ကမ်းပါးနီ ဒေသရှိ ကျောက်ခေတ် အထောက်အထားများအား ဝင်းခြံကာရံခြင်း၊ ပြဒါလင်းနှင့် ကမ်းပါးနီ ဒေသတို့၌ သောက်သုံးရေ ရရှိရန် ဆောင်ရွက်ခြင်း၊ နားနေဆောင်နှင့် သန့်စင်ခန်းများ တည်ဆောက်ခြင်းအပြင် အဆိုပါ ဒေသများသို့ သွားရောက်ရာတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် သွားလာရ လွယ်ကူစေရန်အတွက် လမ်းဖောက်လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။“ပြဒါးလင်းဂူနဲ့ ကမ်းပါးနီ ဒေသတွေကို အကြီးစားပြုပြင် ထိန်းသိမ်းမှု လုပ်ဆောင်တဲ့ နေရာမှာ သောက်သုံးရေ ရရှိဖို့ကလည်း အဓိက ကျပါတယ်။ စမ်းသပ် တူးဖော် သုတေသန ပြုလုပ်တာက ကျောက်ခေတ် အထောက်အထားတွေ ပိုမိုခိုင်မာစေဖို့အတွက် လုပ်ဆောင်တာပါ။ ပြဒါးလင်းဂူကိုလည်း ဇုန်နယ်နိမိတ်တိုင် သတ်မှတ် စိုက်ထူသွားမှာပါ။ နောက်ပြီး ကမ်းပါးနီ ဒေသကို သွားတဲ့နေရာမှာ အဓိက,က လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး။ တောင်တက်လမ်းတွေ ဖြစ်တယ်။ ဒါကြောင့် နောင်မှာ လမ်းဖောက်လုပ်ဖို့ အတွက်လည်း အစီအစဉ် ရှိပါတယ်” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တူးဖော်၊ ရှေးပစ္စည်းနှင့် ကမ္ပည်းကျောက်စာ ဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။ကမ်းပါးနီ ကျေးရွာ အနီးမှ တွေ့ရှိခဲ့သည့် ကျောက်ခေတ် ယဉ်ကျေးမှုများအား ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း အတွင်းက တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး ဒေသအခေါ် မြခနောက် (ခ) မြခနောက် ကျောက်မိုးပြင်ပေါ်တွင် (ပြဒါးလင်းဂူ ၁၉၆၁ ခုနှစ်အတွင်းက ကျောက်ခေတ်ဦး လက်ရာများ တွေ့ရှိခဲ့ပြီး ယင်းဂူ၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့် အကွာ) ကျောက်တုံး အမှတ် (၁၊၂၊၃) တို့ပေါ်၌ ဆင်ရုပ်၊ ပင့်ကူရုပ်၊ မြင်းရုပ်၊ ကျောက်လက်နက်ပုံ၊ လက်ဝါးပုံများ အစရှိသည့် အရုပ်ပုံများ ရေးဆွဲထားကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်း၌ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထပ်မံလေ့လာ၍ တူးဖော် သုတေသန ပြုလုပ်ခဲ့မှုများ အရ ကျောက်လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကျောက်စရစ်လုံးလေးများ၊ လက်ကိုင်မဲ့ ကျောက်ပုဆိန်၊ သားကောင်များ၏ အရေပြားနှင့် အသားများအား ခွာယူရာတွင် အသုံးပြုသည့် ကျောက်ခြစ်၊ ကျောက်ခေတ် လူသားများ ဘက်စုံ အသုံးပြုခဲ့ဟန် ရှိသည့် ခပ်ပြားပြား ပုံစံရှိ ကျောက်ကွင်း အစရှိသည့် ကျောက်ခေတ် အသုံးအဆောင် ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ပြဒါးလင်းဂူနှင့် ကမ်းပါးနီ ဒေသတို့အား အကြီးစားပြုပြင် ထိန်းသိမ်းမှုနှင့် စမ်းသပ်လေ့လာ တူးဖော် သုတေသန ပြုလုပ်မှုများအား သြဂုတ်လခန့်တွင် စတင်သွားရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် အတွင်းရှိ ပြဒါးလင်းဂူနှင့် ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုများ တည်ရှိရာ နေရာများကို အကြီးစား ပြုပြင် ထိန်းသိမ်းမှုနှင့် စမ်းသပ် တူးဖော်မှုများ ပြုလုပ်မည်









