ပြည်ပပို့ကုန်များအနက် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်အမျိုးအစားပေါင်း ၂၆၀ ကျော် မကြာမီ ထုတ်ပြန်မည်

ပြည်ပပို့ကုန်များအနက် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်အမျိုးအစားပေါင်း ၂၆၀ ကျော် မကြာမီ ထုတ်ပြန်မည်
Published 28 June 2016
နီလာ

မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များအနက် လိုင်စင်လျှောက်ထားရန် မလိုသည့်ကုန်စည် အမျိုးအစားပေါင်း ၂၆၀ ကျော် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါ ကုန်စည်များနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများနှင့် ဆွေးနွေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
“အခုဆို ဌာနတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ လိုင်စင်လျှောက်ထားရန် မလိုတဲ့စာရင်းတွေကို ထုတ်ပြန်ဖို့။ Negative List တွေကို။ အဲဒီအထဲက ပထမအကြိမ် ထုတ်ပြန်ပြီးသွားပြီ။ အဲဒီမှာ HS line ပေါင်း ၄၀၀၀ ကျော် ကျန်နေသေးတယ်။ အဲဒီ ၄၀၀၀ ကျော်က လိုင်စင်လျှောက်ရမယ်ပေါ့။ အဲဒီအထဲက ၂၆၇ လိုင်းကို ထပ်ပြီး ဖြေလျှော့ဖို့လုပ်နေပြီ။ အဲဒါ မကြာခင်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သွားလိမ့်မယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
 
ထို့ပြင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ မှုကို ကန့်သတ်ထားသည့် စိန်၊ ရွှေ၊ ရေနံစိမ်း စသည့် ကန့်သတ်ပို့ကုန် ၁၂ မျိုးအနက် အချို့ပို့ကုန်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်များကို အင်တာနက်ရရှိသည့် နေရာတိုင်းမှ လျှောက်ထားနိုင်သည့် Fully Onlice Licensing စနစ်ကို ဇွန် ၇ရက်က စတင် ကျင့်သုံးခဲ့ရာ လက်ရှိအချိန်အထိ လိုင်စင်လေးစောင် လျှောက်ထားပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် CMP (အထည်ချုပ်)လိုင်စင်များအတွက် ၂၀၁၆ ခုနှစ် ဇူလိုင်လဆန်းတွင် စတင်ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး ကျန်ကုန်ပစ္စည်း အမည်များအား အဆင့်လိုက် တိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းအား ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် သွားရောက်လျှောက်ထားလျက်ရှိရာမှ CMP အပါအဝင် လယ်ယာထွက်ကုန်၊ ဆောက်လုပ်ရေး ကုန်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းအမည် ၅၀ ဝန်းကျင်အတွက် ပို့ကုန်သွင်းကုန် online license လျှောက်ထားခြင်းကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်မှ စတင် ခွင့်ပြုပေးနေခြင်း ဖြစ်သည်။
 
 

Most Read

Most Recent