ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း

ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း
Published 28 June 2016
စုမှူးနိုင်

မြန်မာနိုင်ငံက Facebook လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ သူမရဲ့အလှပုံတွေနဲ့အတူ ကျော်ကြားလာခဲ့သူက ဗီယက်နမ်နိုင်ငံက အလှမယ်တစ်ဦးဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေက သူမရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဇွန် ၂၇ ရက် ညနေပိုင်းမှာ ရန်ကုန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဇွန်လ ၂၈ ရက် နံနက်ပိုင်းမှာ ငုရင်ထရန်ဟုရန်မေက ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး သူမအနေနဲ့ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ စတဲ့မြန်မာ အနုပညာရှင်တွေနဲ့ ငုရင်ထရမ်ငုရန်မေတို့ ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကို ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာ ရိုက်ကူးတော့မှာဖြစ်လို့ ဗီယက်နမ်အလှမယ် ငုရင်ထရမ်ဟုရန်မေနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်
ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း
မေး။ ။ ဗီယက်နမ်နိုင်ငံမှာ လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း ပြောပြပေးပါ။
ဖြေ လက်ရှိမှာ Miss Universe Vietnam 2014 က နိုင်ငံတွင်းမှာပဲ ယှဉ်ပြိုင်ပြီး ဆုရထားတာပါ။ ဒါကြောင့် ဗီယက်နမ် နိုင်ငံကိုယ်စားပြု နိုင်ငံတကာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် သေချာဂရုစိုက်ပြီး ပြင်ဆင်စရာတွေရှိတာကို လုပ်ဆောင်နေပါတယ်။
မေး။ ။ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားအတွက် ဘာတွေပြင်ဆင်ထားလဲ။ ဒီဇာတ်ရဲ့ ဇာတ်လမ်းကိုရော သဘောကျလား။
ဖြေ။ ။ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားက ညီမအတွက် ပထမဆုံး ဇာတ်ကားဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးရမယ့် ဇာတ်ကားဖြစ်တဲ့အတွက် စိုးရိမ်တာတွေတော့ ရှိပါတယ်။ အဓိက ကတော့ ဘာသာစကား၊ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူမှုဓလေ့ကွာခြားမှုတွေလည်း ရှိနေတဲ့အတွက် အခက်အခဲတော့ ရှိပါတယ်။ မြန်မာနိုင်ငံက ဝါရင့်အနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်လည်း ညီမအနေနဲ့ နေ့တိုင်းလို ဇာတ်ကားတွေ ကြည့်ပြီး သရုပ်ဆောင်မှုတွေကို လေ့လာဖြစ်ပါတယ်။ ဇာတ်လမ်းကို ဖတ်ကြည့်တဲ့အချိန်မှာလည်း ဇာတ်လမ်းက ရိုးရိုးလေးလို့ ထင်ရပေမယ့် နှစ်နိုင်ငံယဉ်ကျေးမှုတွေ၊ နိုင်ငံရေးတွေ ပါမှာဖြစ်သလို လှည့်ကွက်လေးတွေလည်း ပါဝင်တဲ့အတွက် နှစ်သက်မှု ရှိပါတယ်။
မေး။ ။ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားမှာ ဘာသာစကား အခက်အခဲအတွက် ဘယ်လိုတွေ ပြင်ဆင်သွားမလဲ သိပါရစေ။
ဖြေ။ ။ မြန်မာအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားမှာ ဘာသာစကားအနေနဲ့ လည်း အင်္ဂလိပ်ဘာသာစကားကို သုံးမှာဖြစ်တဲ့အတွက် လန်ဒန်မှာ ဘာသာစကား သင်ယူလေ့လာမှုတွေ လုပ်ခဲ့တာရှိသလို ဇာတ်ကား မရိုက်ကူးခင်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်လို့ ကောင်းသထက် ကောင်းအောင် ကြိုးစားပြင်ဆင်သွားမှာပါ။
မေး။ ။ မြန်မာဝတ်စုံဝတ်ရတဲ့ ခံစားချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ မြန်မာဝတ်စုံ ဝတ်ရတဲ့အခါ ပထမ ဝတ်တုန်းကရော ခုတစ်ကြိမ် ဝတ်တဲ့အခါမှာရော ကိုယ့်ကိုကိုယ် အရမ်းလှတယ်လို့ ခံစားမိပါတယ်။ မြန်မာနိုင်ငံကို မလာခင်မှာလည်း မြန်မာတွေနဲ့ ရိုးရာဓလေ့နဲ့ ဝတ်စားဆင်ယင်မှုတွေကို အင်တာနက်မှာ ရှာဖွေလေ့လာမိပါတယ်။ မြန်မာဝတ်စုံ ဝတ်ရတာကိုလည်း ဂုဏ်ယူမိပါတယ်။ ရွှေတိဂုံဘုရားကို သွားတုန်းကလည်း မြန်မာအမျိုးသမီးလေးတွေ မြန်မာဝတ်စုံလေးတွေ ဝတ်ထားတာက ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသလို ကြည့်ရတာလည်း ကျက်သရေရှိပြီး လှပတယ်လို့ မြင်ရပါတယ်။
မေး ။ ။ ညီမကို အားပေးနေတဲ့ မြန်မာပရိသတ်တွေနဲ့ ပတ်သက်ပြီး ညီမခံစားချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ မြန်မာနိုင်ငံကို အခုတစ်ခေါက်နဲ့ဆို နှစ်ကြိမ် လာရောက်တာ ဖြစ်ပါတယ်။ အဲဒီ နှစ်ခေါက်လုံးမှာ အားလုံးက နွေးထွေးခင်မင်စွာ ကြိုဆိုခြင်းခံရတဲ့အတွက် စိတ်ထဲမှာ နွေးထွေးပျော်ရွှင်ခြင်းကို ခံစားရပါတယ်။ ဒါကြောင့် နောက်လည်း အခါအခွင့်သင့်ရင် မြန်မာနိုင်ငံကို လာနိုင်အောင်လို့ ကြိုးစားသွားမှာပါ။

Most Read

Most Recent