(၁)နတ်စည်ငယ် ရွမ်းပါလို့၊ ခြိမ့်မွမ်းငယ် သံစုံက မြူးငယ်ခုန်သည်၊ လနယုန်သည် အချိန်မို့၊ မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။မဟာအတုလမင်းကြီးရန်ကုန်မြို့တော်သည် ညို့သော ဝတ်လွှာကို ဝတ်ဆင်ထားပေပြီ။ ကဆုန်၏ ရာသီတော် တပ်ကြီးများ ဆုတ်ခွာ၍ သွားကြပြီ။ နယုန်၏ ရာသီတော် တပ်ကြီးများ အစားထိုး ဝင်ရောက်လာကြ၏။ ကမ္ဘာမြေသည် ပူသော အနေမှ အေးမြသော အနေသို့ ပြောင်းလဲသွားလေသည်။ကဆုန်လတုန်းက တန်ခိုး ထွားခဲ့သော အပူရှိန်သည် နယုန်လသို့ ရောက်သောအခါ အပူဓာတ်၏ အားနည်းချိန်ကို စောင့်နေသော အအေးဓာတ်သည် သူနိမ့်ပါးစဉ် အခါက ကျွတ်ကျွတ်ဆူ ပူပြင်းခဲ့သည်ကို အခဲမကျေ ကလဲ့စား ချေသည့်အလား မိုးလက်နက်ဖြင့် ရက်ရက်စက်စက် တရစပ် ပစ်ခတ်တော့သည်။ သြော် အအေးဓာတ်များ ရွာသွန်းလေသည့် လနယုန်။(၂)ဒီလအတွက် ရှေးမြန်မာတို့ ဖွဲ့ဆိုသော စကားရပ်မှာ ‘‘နယုန်မိုးသေး မြက်သားမွေး” ဟူ၍ဖြစ်၏။ ကမ္ဘာမြေပြင်သည် မြက်ပင်ကလေးများ၏ မိခင်။ ကောင်းကင်မှ ရွာချလိုက်သော မိုးရေစက်များသည် မြက်ပင်ကလေးများ၏ ဖခင်။ နယုန်လ မိုးရွာချိန် မြေပြင်ပေါ်မှာ မြက်နုသစ်များ ပေါက်ရောက်လာသည် ‘မြက်သားမွေးသည်’ ဟု နိမိတ်ပုံဖြင့် ဆိုလိုက်သည်မှာ မော်ဒန်ကဗျာ တစ်ပုဒ်ကို ဖတ်လိုက်ရသည့် အလား ခံစားရပေ၏။ကျွန်တော်တို့ မြန်မာများသည်လည်း ရှေးတစ်ခေတ် တစ်ခါကတော့ လူတိုင်းကဗျာ ဖွဲ့တတ်ခဲ့ကြဖူးပါ၏။ ယနေ့ ခေတ်ကျမှသာ အစစအရာရာ ကျပ်တည်းလာသောကြောင့် ကဗျာနှင့် ဝေးကွာသလို ဖြစ်သွားခဲ့ရသည်။သို့သော် ရင်ထဲ ကိုယ်စီမှာတော့ ကဗျာဓာတ်တွေ ရှိနေကြပါသေး၏။(၃)ရွှေထိန်ပင်သာတဲ့အောက်ကကောက်စိုက်ရင်းမိုးမျှော်၊မပေါ်လာ ကိုရွှေမိုးကြောင့်ကောက်ပင်တွေညှိုး။မိုးဦးလေဦး ရွာသည့် မိုးဆိုသည်မှာ ချစ်ခင်စ ရည်းစားဦး ကဲ့သို့ မာယာ များတတ်သည်။ ချစ်ယောင်ပြ၍ မုန်းတတ်သလို မုန်းယောင်ပြ၍လည်း ချစ်တတ်ပါ၏။ စိတ်ကြည်လင်ပုံ ပေါက်နေသော်လည်း တကယ်တမ်းကျတော့ စိတ်နောက် ဗျာပွေနေတတ်သည်။ စိတ်နောက် နောက်နေပုံ ပေါက်သော်လည်း ရင်ထဲမှာ ကျိတ်၍ ကြည်လင် နေတတ်ပြန်၏။နယုန်မိုးသည် ထိုသို့သာပဲဖြစ်သည် တောင်ဆီက ညိုပေသည့် တောင်အရပ်မှာ ရွာချင်မှ ရွာတတ်သည်။ တစ်ဖန်မြောက် အရပ်မှာ ရွာယောင် ပျိုးပေသည့် ရာသီလေ စိတ်ချဉ်ပေါက်ကာ တောင်အရပ်မှာ ရွာချင်ရွာတတ်၏။ဒီတော့ မိုးရွာမည်ထင်၍ ကောက်စိုက်ရင်း မိုးမျှော်သူ လုံမေတို့က အစိုးမရသော မိုးကို ဆဲကြတော့သည်။လယ်ကြီးကို စိုက်မယ် ဆင်းတယ်နေမင်းကပူ၊သည်နေပူ ဘိက္ခူလုပ်မယ်ဗန်းကုပ်နှင့်လေး။မိုးရွာမည်ထင်၍ ကောက်စိုက် ဆင်းလာ၏။ နေမင်းက စွတ်ရွတ်ပူလေသောအခါ ကောက်ပင်တို့ ညှိုးရော် သွားကြတော့သည်။ဒီနေနဲ့တော့ ကောက်စိုက်စားရင် ငတ်သေမှာပဲ၊ ညည်းတွားကြ၏။ ရင်ထဲက နေမင်း အပေါ် မကျေနပ်မှု၊ နယုန်မိုး၏ မာယာကို အပြစ်တင်လိုမှုတို့သည် ကျေးလက်တောရွာ ကောက်စိုက်ကဗျာ၊ ကောက်စိုက်သီချင်း တချို့ ဖြစ်လာပါတော့သည်။ ကောက်စိုက်သမ တို့သည်ကား လယ်ယာ လုပ်ငန်း၌ မရှိမဖြစ် လိုအပ်သော အလုပ်သမားများ ဖြစ်ကြ၏။ ဒီခေတ်မှာ စက်နဲ့ စိုက်လည်း ရတာပဲဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ပြောပင်ပြောငြား ထိုစကားသည်မမှန်ပါ။ ကောက်စိုက်ရာတွင် စက်သည် လူလောက်တော့ မတိကျ။ အလုပ်ဖြစ်ရုံ အလုပ်တွင်ကျယ်ရုံမျှသာ ရှိပါသည်။ လယ်ယာမြေ သဘောကို တီးမိခေါက်မိရှိ သူတို့ နားလည်ကြပါလိမ့်မည်။(၄)ခါးပုံကို မောင်ဖြုတ်လို့ချွေးသုတ်တော့ပေး၊စီးပလေစေ မောင်မသုတ်နဲ့တုတ်တုတ်ကျချွေး။အထက်ပါ ကဗျာကို ဖတ်ရှုခြင်းအားဖြင့် ကောက်စိုက်သမများ မပျင်းကြကြောင်း သိသာနိုင်ပါ၏။ ဘယ်ကောက်စိုက်သမမှ ဖဲထီး ကောင်းကောင်း ဆောင်း၍ ကောက်မစိုက်ကြပါ။ ပုဆိုးဟောင်းလေး ခေါင်းပေါင်းထားရုံ၊ ဝါးခမောက်ကလေး ဆောင်းထားရုံမျှသာ အပူဒဏ် ကာကွယ်စရာ ရှိသည်။ ခမောက်ဆောင်းပြီး ပြုံးနေသော အမျိုးသမီးကြီး တစ်ဦးကို ဒီစာရေးရင်း သတိရမိ၏။ ထိုအမျိုးသမီးကြီး ဓာတ်ပုံကလေး ကျွန်တော့် လက်ဝယ်၌ တွေ့ရှိ၍ ရဲစခန်းမှာ နှစ်ညလောက် အရိုက်ခံခဲ့ရတာကိုလည်း သတိရမိပါသေးသည်။ ကောက်စိုက်သမ၏ လင်သား သို့မဟုတ် ချစ်သူက သူ့ကြင်ဘက် သက်လျာ နေပူထဲ ချွေးပြန်နေတာကို မကြည့်ရက်သဖြင့် ချွေးသုတ်ရန် ပုဆိုးခါးပုံစကလေး ဖြုတ်ပေးရှာ၏။ ထိုခေတ်က စနိုးတာဝါတို့ တစ်ရှူးတို့မှ မပေါ်သေးတာပဲ။ ချစ်သူ ချွေးသုတ်ဖို့ ပေးစရာသည် ခါးပုံစသာ ရှိသည်။ သို့သော် ကောက်စိုက်သမသည် ပင်ပန်းသည့် ဒဏ်ကိုမမှု။ စီးစမ်းပါစေ သုတ်မနေနဲ့ဟု ဆိုလိုက်၏။ တကယ်တော့ တောင်သူ လယ်သမားတို့၏ ဘဝသည် ပျင်းနေချိန် မရှိပါ။နွေမိုးဆောင်း အလုပ်တွေ တန်းစီနေပါသည်။ မိုးစပါးပြီးရင်လည်း နားရသည် မမှတ်လေနဲ့၊ နွေစပါး ရှိသေးသည်။ ဆောင်းအခါမှာလည်း ဆောင်းသီးနှံ စိုက်ရသေးသည်။ မောင်မောင်တို့ စာရေးဆရာတွေလို ကလောင်လေး လှုပ်ရုံနဲ့ ပိုက်ဆံရတာမျိုး မဟုတ်ဘူးတော့်၊ နင်တို့ အမတော် ကြေးရသဆို ဆင့်ပါးစပ် နှမ်းပက်တာပါတော် စားလောက် သောက်လောက်တော့လည်း မဟုတ်ပါဘူး။ ထိုသို့ ရွာမှာ တောင်သူလုပ်နေသော နှမငယ်နှင့် စကားစမြည်များလည်း ပြောဖြစ်ခဲ့သည်။ဒီနေ့ခေတ် တောင်သူများသည် ယခင်ခေတ် တောင်သူများလို မျက်စိပိတ် နားပိတ် တောင်သူများ မဟုတ်ကြတော့ပါ။ ဘွဲ့ရပညာတတ် ခေတ်မီသော တောင်သူများ ဖြစ်လာနေကြပါပြီ။ တယ်လီဖုန်း အင်တာနက် နည်းပညာသော့ဖြင့် ကမ္ဘာကြီးကို ဖွင့်ကြည့်နေကြပါပြီ။(၅)သာစွလေ၊ ညောင်ရေသဘင်၊ ပွဲစဲလျှင်ကား၊ ထက်ခွင်မိုးလ၊ ကြယ်ဇေဋ္ဌနှင့်၊ ပြည့်၀ စင်ကြယ်၊ စံပယ်မြတ်လေး၊ ပင်တိုင်းမွှေး၍၊ တွေးတွေးမောင်းနီ၊ ညွန့်ချင်းစီသို့၊ ရာသီမေထုန်၊ လနယုန်မူ၊ မြူးခုန်သာရွှင်၊ မိုးလုလင်လည်း၊ ရွာကျင်ခြိမ့်မျှ၊ ရေငန်းပြလျက်၊ သီလသမာ၊ မြတ်သံဃာတို့၊ သဒ္ဒါရှစ်စုံ၊ သုံးပုံပိဋကတ်၊ ရုပ်ဓာတ်ဖော်ညွှန်း၊ အခန်းခန်းကို၊ ရွှေနန်းတော်တောင်၊ မြတ်မာရ်အောင်ဝယ်၊ မြားမြောင်စုဝေး၊ စာမေးသဘင်၊ မွမ်းမွမ်းဖြင်သည်။ လူရှင်ရပ်ထက်၊ ဝန်းတည့်လေ။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေ၀ နန်းတည့်လေ။စာဆိုတော် ဦးအောင်ကြီး၏ နယုန်လဖွဲ့ လူးတားဖြစ်၏။ ပြီးခဲ့သော ကဆုန်လတုန်းက သွန်းလောင်းခဲ့သော ညောင်ရေပွဲသဘင် ကားစဲခဲ့ပြီ၊ ပြီးခဲ့လေပြီ။ စာတော်ပြန်ပွဲများ လာတော့မည်။ အင်း၀ ရွှေနန်းတော် တောင်ဘက် မြတ်မာရ်အောင်၌ သီလသမာဓိပညာ သိက္ခာသုံးရပ် ကျင့်ဆောင်သူ သံဃာတော်တို့ စုဝေး စာပြန်တော်မူကြပုံ၊ ဘုရင်မိဖုရား နန်းတွင်းသားတို့ စာတော်ပြန် သဘင်ကို ဖူးမြော်နေကြပုံ၊ သူဌေးသူကြွယ်ေ တာင်သူလယ်သမား လူတန်းစား ပေါင်းစုံတို့ တတ်အားသရွေ့ ကုသိုလ်ယူနေကြပုံ၊ စံပယ်မြတ်လေးအစ ရှိသော နယုန်လ ရာသီပန်းတို့ အပင်တိုင်း အပင်တိုင်း၌ ပွင့်ဖူး မွှေးမြနေကြပုံ၊ ရွက်နုသစ်တို့ အညွန့်ချင်း ထပ်ဆင့်ထားဘိ သကဲ့သို့ အစီအရီ ရှိနေကြပုံ။နယုန်လ၏ ရှုကွင်း ရှုကွက်တို့သည် ကျွန်တော့် အာရုံထဲမှာ တဖျတ်ဖျတ် ပေါ်လာကြသည်။ လွမ်းဖွယ့် လနယုန်ပါတကား။
လွမ်းဖွယ်မောဖွယ် လနယုန်
Most Read
Most Recent
16 hours ago










