ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် စည်းကမ်းများကို လိုက်နာခြင်းမရှိဟု တိုင်ကြားခံထားရသည့် NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအား ရှုံးနိမ့်ဟု ဆုံးဖြတ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနာ အနိုင်ရရှိဟု ရွေးကောက်ပွဲကော်မရှင်ခုံရုံး ဆုံးဖြတ်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် စည်းကမ်းများကို လိုက်နာခြင်းမရှိဟု တိုင်ကြားခံထားရသည့် NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအား ရှုံးနိမ့်ဟု ဆုံးဖြတ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနာ အနိုင်ရရှိဟု ရွေးကောက်ပွဲကော်မရှင်ခုံရုံး ဆုံးဖြတ်
Published 24 June 2016
စိုးမင်းထိုက်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားသည့် စည်းကမ်းများအား လိုက်နာခြင်းမရှိဟု တိုင်ကြားခံထားရသည့် NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း အားရှုံးနိမ့်သည်ဟု ဆုံးဖြတ်ကာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနာအား အနိုင်ရရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးအဖွဲ့က ဇွန် ၂၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဦးဇခုန်တိန့်ယိန်းသည် ပန်ဝါအခြေစိုက် ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် (NDA-K) ခေါင်းဆောင်ဖြစ်သည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနာက "ခုံရုံးအဖွဲ့ကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ တိုင်ကြားတဲ့ ဖြစ်စဉ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနဲ့ မကိုက်ညီလို့ပါ။ မဲဆွယ်စည်းရုံးရေး ကာလမှာလည်း အနှောင့်အယှက်တွေ အများကြီး ပြုလုပ်တယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ လုပ်ဆောင်ချက်နဲ့ မကိုက်ညီတဲ့အတွက် တိုင်တာဖြစ်ပါတယ်။ မဲရလဒ်ကတော့ ဦးဇခုန်တိန့်ယိန်းက မဲ ၅၀၀၀ ကျော်ရပါတယ်။ ကျွန်တော်ကတော့ ၃၀၀၀ ကျော်ရပါတယ်။ ချီဖွေရယ်၊ ဆော့လော်ရယ်၊ အင်ဂျန်းယန်ရယ် သုံးမြို့နယ်ပေါင်းပြီး အမျိုးသား လွှတ်တော်အတွက် ပြိုင်ရတာပါ" ဟု ပြောကြားသည်။
ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် အနှောင့်အယှက်ပြုခြင်း၊ မလျော်သြဇာ သုံးစွဲခြင်း စသည်ဖြင့် မပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေများ ပြဋ္ဌာန်းထားကြောင်း သိရသည်။
ဦးယောနာက "အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေရှိပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ အတွက် လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေမှာ ပါရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေကို ဦးဇခုန်တိန့်ယိန်း အနေနဲ့ ချိုးဖောက်ခဲ့ပါတယ်။ ချိုးဖောက်ခဲ့တာတွေ အများကြီး ရှိတာပေါ့လေ။ ဒါကြောင့် မဲဆန္ဒရှင်တွေနဲ့ ဆွေးနွေးတယ်။ တစ်ဦးတစ်ယောက်တည်း အနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အများကြီး ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း ခုံရုံးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဦးဇခုန်တိန့်ယိန်းရဲ့ အမျိုးသားလွှတ်တော် နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက "အခုလို ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဦးဇခုန်တိန့်ယိန်းက ရှုံးပါတယ်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပြုတ်သွားတာပေါ့။ ဦးယောနာက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတာပေါ့။ ရွေးကောက်ပွဲ ဥပဒေအရ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၆၆) တရားမဲ့ ပြုကျင့်ခြင်းနဲ့ ငြိတယ်ဆိုပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ဦးဇခုန်တိန့်ယိန်းကို ရပ်စဲလိုက်တယ်။ ဦးယောနာကို ဦးဇခုန်တိန့်ယိန်း နေရာအတွက် အနိုင်ပေးလိုက်တယ်" ဟု မီဒီယာများအား ပြောကြားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈ အရ ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ် ဆော့လော် မဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးစံဝေခေါင်လွမ်းက မဲဆန္ဒရှင်တစ်ဦး အနေဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကန့်ကွက်လွှာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးဇခုန်တိန့်ယိန်းသည် တရားမျှတသော ရွေးကောက်ပွဲကို ပျက်ပြယ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း ရေးသားကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇခုန်တိန့်ယိန်းသည် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ပထမပုံမှန် အစည်းအဝေးတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နေကြောင်းနှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။                        

Most Read

Most Recent