မေလကုန်အထိ နိုင်ငံရေး လှုပ်ရှားမှုကြောင့် တက်ကြွလှုပ်ရှားသူ ၁၈၉ ဦးတရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်

မေလကုန်အထိ နိုင်ငံရေး လှုပ်ရှားမှုကြောင့် တက်ကြွလှုပ်ရှားသူ ၁၈၉ ဦးတရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်
Published 24 June 2016
ဇာလီမြင့်ဦး

၂၀၁၆ ခုနှစ် မေလကုန်အထိ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၁၈၉ ဦး တရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ AAPP ၏ ၂၀၁၆ ခုနှစ် မေလ နိုင်ငံရေး အကျဉ်းသား အခြေအနေပြ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ချက်အရ မေလကုန်အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၆၇ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၈၉ ဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရကာ ထိုထဲမှ ၄၇ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကြောင်း သိရသည်။
မေလအတွင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ၇၁ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၉၀ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
နေပြည်တော်သို့ ချီတက်မည့် အလုပ်သမားသပိတ်အား အဆုံးသတ်ရန် အာဏာပိုင်များ၏ ညွှန်ကြားချက်အား ငြင်းဆန်ပြီးနောက် မေ ၁၈ ရက်တွင် အလုပ်သမား အခွင့်အရေးများ ရရှိရန် တောင်းဆိုနေသော စစ်ကိုင်းတိုင်း ဒေသကြီးမှ အလုပ်သမား ၇၁ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ၅၁ ဦး ထိန်းသိမ်းခံခဲ့ရကြောင်းနှင့် အလုပ်သမား ၃၆ ဦး ပြန်လည်လွတ်မြောက် လာခဲ့သော်လည်း ၁၅ ဦးသည် ဆက်လက်ထိန်းသိမ်း ခံထားရဆဲဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅/ခတို့ ဖြင့် တရားစွဲဆို ခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင်မေလအတွင်း တက်ကြွလှုပ်ရှားသူ ကိုးဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနိုင်ငံရေးအကျဉ်းသား ၇၇ ဦး ပြန်လည်လွတ်မြောက် လာခဲ့ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ ၇၇ ဦးထဲမှ ၅၆ ဦးသည် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများဖြစ်ကြောင်း သိရသည်။
မေလအတွင်း တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၁ ဦးသည် တရားစွဲဆိုခံခဲ့ရကာ တရားရင်ဆိုင်နေရ သူများထဲမှ လယ်သမား ၃၇ ဦး၏ အသေးစိတ် အချက်အလက်များအား AAPP မှ ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။                           
မေ ၁၄ ရက်တွင် ရန်ကုန်မြို့၌ဘာသာ ပေါင်းစုံချစ်ကြည်ရေး လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သော ကျောင်းသားများသည် ငြိမ်း၊ စု၊ စီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခြင်း ခံခဲ့ရကြောင်း ဖော်ပြထားသည်။ ထို့အတွက် လက်ရှိတွင် လွှတ်တော်မှငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့် ဥပဒေအားပြန်လည် သုံးသပ်လျက် ရှိသော်လည်း မေလတွင် တက်ကြွလှုပ်ရှားသူများကို ဟန့်တားရန် ထိုဥပဒေကို ဆက်လက် အသုံးပြုခဲ့ကြောင်း AAPP ကဆိုသည်။
ထို့အတွက် မေလအတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကျင့်သုံးခြင်းမှ ဟန့်တားရန် ဖိနှိပ်ထားသော ဥပဒေများဖြင့် တက်ကြွလှုပ်ရှားသူများကို ဆက်လက်ထိန်းသိမ်း ထားလျက်ရှိကြောင်းနှင့် အစိုးရသစ် လက်ထက်တွင်လည်း ဆက်သွယ်ရေးဥပဒေကို ဆက်လက်အသုံးပြုလျက် ရှိနေကြောင်းလည်း AAPP က ထည့်သွင်းထုတ်ပြန်ခဲ့သည်။
AAPP အနေဖြင့် အကျဉ်းထောင် အတွင်းရှိသော နိုင်ငံရေး အကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။                                      

Most Read

Most Recent