နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် မဟာချိုင်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ယနေ့ တွေ့ဆုံမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် မဟာချိုင်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ယနေ့ တွေ့ဆုံမည်
Published 22 June 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် ယနေ့ (ဇွန် ၂၃ ရက်)တွင် စတင်မည် ဖြစ်ပြီး ညနေပိုင်းတွင် မဟာချိုင်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက် ကြာမြင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ဖိတ်ကြားမှုအရ သွားရောက်ခြင်း ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး ဌာနမှ ထုတ်ပြန်မှုအရ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ပြီး လေဆိပ် အထူးဧည့်သည်တော်များအတွက် ခန်းမတွင် ထိုင်းအစိုးရ ကိုယ်စား ဒုတိယ ဝန်ကြီးချုပ် နိုင်စုမ်ခစ်ကျာတုစီဖီထက်က ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ထလေထိုင်း (ငါး၊ ပုစွန်ဈေးကြီး) ခန်းမဆောင်တွင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသသို့ ၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းက ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပြီး ထိုခရီးစဉ်တွင်လည်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Don Pramudwinai နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများကို “Myanmar, ASEAN and the World:The Way Forward” ခေါင်းစဉ်ဖြင့် ဟောပြောမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးဌာန၊ အတွင်းဝန်ရုံး၌ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့အတွက် သဘောတူညီချက်များကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း သိရသည်။ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်က ညစာဖြင့် တည်ခင်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ခရီးစဉ် နောက်ဆုံးနေ့ဖြစ်သည့် ဇွန် ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရတ်ချ်ဘူရီခရိုင် ထမ့်ဟင်ရှိ မြန်မာစစ်ဘေး ဒုက္ခသည် စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ယခု ခရီးစဉ်သည် မြန်မာနိုင်ငံတွင် NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး မေ ၆ ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အတူ လာအိုနိုင်ငံသို့ နေ့ချင်းပြန် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ် မတိုင်မီ မေ ၂၅ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ Gen Prem Tinsulanonda၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အပါအဝင် ထိုင်းအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent