ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် (NFPE) မှ ပထမဆုံး ထွန်းတောက်လာသည့် ကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် (NFPE) မှ ပထမဆုံး ထွန်းတောက်လာသည့် ကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း
Published 19 June 2016
အေးပပ

အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာရေး မဆည်းပူးနိုင်သူများ၊ ပညာ တစ်ပိုင်းတစ်စဖြစ်ပြီး ကျောင်းပြင်ပ ရောက်ရှိသွားကြသူများ အတွက် ပညာသင်ယူမှု အခွင့်အရေး ပြန်လည် ရရှိစေပြီး အတန်းကျောင်း ပညာရေးဖြင့်လည်း ပေါင်းကူး ချိတ်ဆက်ထားကာ စဉ်ဆက်မပြတ် ပညာ ဆည်းပူးနိုင်အောင် ရည်ရွယ် ဆောင်ရွက်ပေးသည့် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံ အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သွားသည့် ကျောင်းပြင်ပ မူလတန်း ပညာရေးမျိုးဆက် မောင်ကျော်ဇော်မိုး၏ နှစ်ချင်းပေါက် အောင်မြင်မှု ရရှိခြင်းမှာ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ရဲ့ အသီးအပွင့် တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ ပထမဆုံး ထွန်းတောက်လာသည့် ကြယ်တစ်ပွင့်ဖြစ်သည့် ၎င်း၏ ကြိုးစား အားထုတ်ခဲ့မှုများကို အနာဂတ် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ အားကျအတုယူ မှတ်သားနိုင်စေရန် တွေ့ဆုံမေးမြန်းခဲ့မှု အချို့ကို ရေးသား ဖော်ပြအပ်ပါသည်။“ဘဝတူ ညီလေး ညီမလေးတွေကို စာပြန်သင်ပေးချင်ပါတယ်”■ မေး။ ပထမဆုံး အနေနဲ့ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် တက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် မတက်ခင်တုန်းက အတန်းကျောင်း ပညာရေး တက်ခဲ့ဖူးသေးလား။ဖြေ။ ဟုတ်ကဲ့။ အတန်းကျောင်း ပညာရေးကို ပထမတန်းအထိ တက်ဖူးပါတယ်။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို တက်ဖြစ်ခဲ့တာက သားမှာက မွေးချင်းလေးယောက် ရှိပါတယ်။ သားရဲ့ အစ်ကိုကြီးက သားပထမတန်း တက်နေတဲ့ အချိန်မှာ ဆယ်တန်းဆိုတော့ အဖေ အမေက အစ်ကိုကြီးကို ဦးစားပေးတဲ့ အနေနဲ့ သားကို ကျောင်းတစ်နှစ် ထုတ်ထားမယ်ဆိုပြီး ထုတ်ထားပါတယ်။ အဲဒီအချိန်မှာပဲ ဆရာမတွေက ပြောပါတယ်။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဆိုတာ ရှိတယ်။ အဲဒီမှာ ကျောင်းတက်လို့ ရတယ် ဆိုပြီးတော့ပေါ့။ အဲဒီလိုနဲ့ပဲ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှာ စတက် ဖြစ်သွားခဲ့တာပါ။ အတန်းကျောင်း ပညာရေး ပထမတန်း အောင်ပြီးတဲ့ အချိန်မှာ စတက် ဖြစ်တာပါ။    ■ မေး။ ကျောင်းပြင်ပ မူလတန်း ပညာရေးကို ဘယ်အချိန်က စတင် တက်ရောက်ခဲ့တာလဲ။ ဘယ် အဆင့်ကစပြီး တက်ခဲ့တာပါလဲ။    ဖြေ။ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ စတက်ခဲ့တာပါ။ Level 1 အဆင့်ကနေ စတက်ခဲ့ရတာပါ။■ မေး။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်နဲ့ သင်ကြားနေရင်း ပြင်ပအချိန်တွေမှာရော ဘယ်လိုဖြတ်သန်းခဲ့လဲ။ဖြေ။ မိဘတွေကို ကူညီပါတယ်။ ကျောင်းတက်ချိန်မှပဲ ကျောင်းသွားရတာ ဆိုတော့ ကျန်တဲ့ အချိန်တွေမှာ မိဘတွေရဲ့ အလုပ်တွေကိုပဲ ကူညီပြီး လုပ်ပေးပါတယ်။■ မေး။ မိဘတွေကရော ဘယ်လို အလုပ်အကိုင်မျိုးနဲ့ အသက်မွေး ဝမ်းကျောင်းပြုလဲ။ဖြေ။ အဖေက လယ်ယာလုပ်ငန်း လုပ်ပါတယ်။ လယ်သမားပါ။ အမေကတော့ မုန့်တီရောင်းပါတယ်။ အထူးသဖြင့် အမေ မုန့်တီရောင်းတာကို ကူညီပြီး လုပ်ပါတယ်။    ■ မေး။ အတန်းကျောင်း ပညာရေး အလယ်တန်း အဆင့် ပဉ္စမတန်းကို ဘယ်နှခုနှစ်က ချိတ်ဆက် တက်ရောက်ခဲ့တာလဲ။ဖြေ။ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ ကျောင်းပြင်ပ မူလတန်း ပညာရေး Level 1 စတက်ပါတယ်။ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ Level 2 တက်ပါတယ်။ အတန်းကျောင်း ပညာရေး ပဉ္စတန်းကိုတော့ Level 2 အောင်မြင်ပြီး ၂၀၁၀-၁၁ ပညာသင်နှစ်မှာ ကူးပြောင်း တက်ရောက်ခွင့် ရခဲ့ပါတယ်။■ မေး။ ကျောင်းပြင်ပ မူလတန်း ပညာရေးကနေ အတန်းကျောင်း ပညာရေးနဲ့ ချိတ်ဆက် တက်ရောက်တဲ့အခါမှာ အခက်အခဲတွေ ရှိခဲ့လား။ ဘယ်လို အခက်အခဲမျိုးတွေနဲ့ ကြုံခဲ့ရသေးလဲ။ လူမှုရေးအရ ခွဲခြား ဆက်ဆံမှုတွေ ခံခဲ့ရတာမျိုးတွေရော ရှိခဲ့လား။ဖြေ။ စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေက သေသေချာချာ စာသင်ပေးပါတယ်။ သင်ကြားပေးတဲ့ စာတွေကို ဂရုစိုက်ပြီး သေသေချာချာ နားထောင်ပါတယ်။ အိမ်စာတွေကို လည်း သေသေချာချာ လုပ်ပါတယ်။ စာလည်း လိုက်နိုင်ပါတယ်။ အခက်အခဲ မရှိပါဘူး။ လူမှုရေးအရ ခွဲခြား ဆက်ဆံ ခံရတာမျိုးတွေလည်း မရှိပါဘူး။ ပထမတန်းတုန်းက ကွဲသွားခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကျောင်းမှာ ပြန်တွေ့ပါတယ်။ အရမ်းပျော်ဖို့ ကောင်းပါတယ်။ သူငယ်ချင်းတွေကလည်း ပြန်ဆုံရတဲ့ အတွက် အရမ်း ဝမ်းသာကြပါတယ်။    ■ မေး။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်က သင်ကြားသင်ယူမှု ပုံစံတွေ၊ သင်ရိုး ညွှန်းတမ်းတွေကရော အတန်းကျောင်း ပညာရေးမှာ ဘယ်အတိုင်းအတာအထိ အထောက်အကူပြုလဲ။ဖြေ။ အရမ်း အထောက်အကူ ပြုပါတယ်။ အဲဒါတွေကြောင့်ပဲ စာကို သေသေချာချာ လိုက်နိုင်တာပါ။ မဟုတ်ရင် ဘာမှတောင် နားလည်မှာ မဟုတ်ပါဘူး။    ■ မေး။ အတန်းကျောင်း ပညာရေးနဲ့ ချိတ်ဆက် တက်ရောက်နေတဲ့ အခါမှာရော ဘယ်လိုပံ့ပိုးမှုတွေ လုပ်ပေးတာ ရှိလား။ဖြေ။ ဟုတ်ကဲ့။ အစစ အရာရာ ကူညီပေးပါတယ်။ လွယ်အိတ်၊ ဘောပင်၊ ခဲတံ၊ စာအုပ်တွေလည်း ပံ့ပိုးပေးပါတယ်။ အဲဒီအတွက် အိမ်ကလည်း သိပ်ပံ့ပိုးပေးစရာ မလိုတော့ဘူးပေါ့။ အစ်ကိုကလည်း အလုပ်ထွက် လုပ်တယ်။ အိမ်ကိုလည်း အထောက်အကူ ပြန်ပြုတော့ မိသားစုလည်း အဆင်ပြေလာတယ်။ သားလည်း စိတ်အေးအေးနဲ့ ကျောင်းဆက် တက်နိုင်ပါတယ်။■ မေး။ တက္ကသိုလ်ဝင်တန်း တက်ရောက်နေစဉ် အချိန်မှာရော ဘယ်လိုပုံစံမျိုး ကြိုးစား အားထုတ်ခဲ့လဲ။ဖြေ။ တစ်နေ့စာ တစ်နေ့ အကြွေးမထားဘဲ စာကို သေသေချာချာ ပုံမှန် လုပ်ပါတယ်။ စာကို နေ့စဉ်နေ့တိုင်း ပုံမှန်လုပ်တဲ့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။    ■ မေး။ အခုလိုမျိုး တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့တဲ့ အတွက် ဘယ်လို ခံစားရလဲ။ ရရှိခဲ့တဲ့ အမှတ်စာရင်းလည်း ပြောပြပေးပါဦး။ဖြေ။ ပြောမပြနိုင်လောက်အောင် အရမ်းဝမ်းသာပါတယ်။ အမှတ်တွေက မြန်မာစာ ၅၁ မှတ်၊ အင်္ဂလိပ်စာ ၄၀ မှတ်၊ သင်္ချာ ၅၁ မှတ်၊ ဓာတုဗေဒ ၆၂ မှတ်၊ ရူပဗေဒ ၆၁ မှတ်၊ ဘောဂဗေဒ ၅၉ မှတ်ပါ။■ မေး။ အနာဂတ် ပညာရေး လမ်းကြောင်းကို ဘယ်လို ပုံဖော်ထားလဲ။ဖြေ။ သားက ကျောင်းဆရာ ဖြစ်ချင်ပါတယ်။ သားလိုမျိုး ဘဝတူ ညီလေး ညီမလေးတွေကို စာပြန် သင်ပေးချင်ပါတယ်။ ကျောင်းဆရာ ဖြစ်ချင်တာ ဆိုတော့ ပညာရေး တက္ကသိုလ် တက်ချင်ပါတယ်။■ မေး။ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးတွေ၊ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်နဲ့ စာသင်ကြားနေကြတဲ့ ကလေးတွေအတွက် မောင်လေး အနေနဲ့ ဘယ်လို အကြံပြုစကားတွေ ပြောပြချင်လဲ။ဖြေ။ ကြိုးစားပါ။ လက်မလျှော့ပါနဲ့။ ကြိုးစားရင် ကြိုးစားသလောက်အောင် မြင်ပါတယ်။ အားမလျှော့ဘဲ ကြိုးစားပါလို့ ပြောချင်ပါတယ်။

Most Read

Most Recent