ယာဉ် အလဲအထပ် ပြုလုပ်ပေးမည်ဟု ဆိုပြီး အမျိုးသား တစ်ဦးက သံဃာ တစ်ပါးထံမှ ကျပ်သိန်း ၇၀ ကျော် လိမ်လည်မှု မင်္ဂလာ ဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်၊ ရသေ့တောင် ဘုန်းကြီးကျောင်းသို့ လွန်ခဲ့သည့် လေးလခန့်က လူခုနစ်ဦးပါ မိသားစုတစ်စု ရောက်ရှိလာပြီး ၎င်းတို့မှာ ပုလောမြို့မှ လာရောက်ခြင်းဖြစ်ကာ နေရာ အခက်အခဲ ရှိသဖြင့် ကျောင်းဝင်း အတွင်း၌ နှစ်ည တည်းခိုခွင့် ပြုရန် ကျောင်းတိုက် ဆရာတော် ဦးတေဇ (၄၂ နှစ်) ထံတွင် ခွင့်တောင်းခဲ့ကြောင်း သိရသည်။ထို့နောက် နှစ်ညခန့် တည်းခိုပြီးနောက်တွင် ယင်းမိသားစုမှာ မင်္ဂလာဒုံမြို့နယ် အပိုင်း (၃) တောရကျောင်း (၂) လမ်းတွင် အိမ်ငှားနေထိုင်ခဲ့ကြကြောင်း၊ ယင်းမိသားစုထဲမှ သားဖြစ်သူ ရဲမာန်ဟိန်း (ခ) ရဲမင်းမှာ ကားမောင်း တတ်သဖြင့် ဆရာတော် ဦးတေဇက ၎င်းအား ကျောင်းတွင် ဆက်နေခိုင်းခဲ့ကြောင်း သိရသည်။ရဲမာန်ဟိန်း (ခ) ရဲမင်းက ယင်းဘုန်းကြီး ကျောင်းရှိ ဟိုက်ဂျက် အမျိုးအစားယာဉ်အား အခြားအဆင့်မြင့် ယာဉ်ဖြင့် အလဲအထပ် ပြုလုပ်ပေးမည်ဟု ဆရာတော်အား လျှောက်တင်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်ရန် ကျပ် ၇၆ သိန်း လိုအပ်ကြောင်း ပြောဆိုသဖြင့် ရဲမာန်ဟိန်း (ခ) ရဲမင်း၏ မိခင်အား ငွေကျပ် ၇၆ သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။ထို့နောက် ငွေထုတ်ပေးပြီး ငါးရက်ခန့် အကြာတွင် ယင်းမိသားစုမှာ ပြောင်းရွှေ့သွားကြောင်း သိရသဖြင့် ငွေများ လိမ်လည်သွားသူ ရဲမာန်ဟိန်း (ခ) ရဲမင်းနှင့် မိခင်ဖြစ်သူအား အရေးယူပေးရန် ဆရာတော်က ထောက်ကြန့်နယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။“လိမ်သွားတဲ့ သူတွေက သူတို့တွေက နေစရာ မရှိလို့ ဒုက္ခ ရောက်နေပါတယ်။ ခဏလောက်တော့ နေခွင့်ပေးပါ ဆိုပြီး ပြောတော့ ဘုန်းကြီးကလည်း နေခွင့် ပေးလိုက်တာပါ။ လိမ်သွားတဲ့ သူတွေကို နာမည်နဲ့ ဓာတ်ပုံပဲ ရှိတာပါ။ သူတို့ လိပ်စာကိုလည်း စုံစမ်းနေပါတယ်။ အမြန်ဆုံး ဖမ်းဆီး ရမိဖို့ ဆောင်ရွက်သွားမှာပါ” ဟု ထောက်ကြန့်နယ် မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ထောက်ကြန့်နယ်မြေ ရဲစခန်းမှ အဆိုပါ ဖြစ်စဉ်အား (ပ) ၂၄၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၄၂၀/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယာဉ် အလဲအထပ် ပြုလုပ်ပေးမည်ဟု ဆိုပြီး အမျိုးသား တစ်ဦးက သံဃာ တစ်ပါးထံမှ ကျပ်သိန်း ၇၀ ကျော် လိမ်လည်မှု မင်္ဂလာ ဒုံမြို့နယ်တွင် ဖြစ်ပွား