ပြင်သစ်နိုင်ငံ အနေဖြင့် ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုကြောင်း ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြောကြားသည်။ဇွန် ၁၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr.Jean-Marc AYRAULT တို့တွေ့ဆုံဆွေးနွေးမှု အပြီးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “ပြင်သစ်နိုင်ငံနဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း အင်မတန်မှ စိတ်ဝင်စားပါတယ်။ ရန်ကုန်မှာဆိုရင် ပြင်သစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေဟာ ပြည်သူတွေ စိတ်ဝင်စားစရာ၊ ပျော်စရာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဘက်မှာတင် မကပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးဘက်၊ စီးပွားရေးဘက်မှာလည်း ကျွန်မတို့နိုင်ငံကို တစိုက်မတ်မတ် ကူညီအားပေးခဲ့တာကြောင့် ဒီအချိန်မှာ ကျေးဇူးတင်တယ်လို့ ပြောနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်” ဟုပြောကြားသည်။ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြည်သူ၏အားနှင့် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ ဆောင်ရွက်နေမှုများရှိကြောင်း၊ ဥပမာပြောရရင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။“ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီပေးနေတဲ့ ဖွံ့ဖြိုးရေးငွေကြေး ပမာဏကို မြှင့်တင်ဖို့လည်း အစီအစဉ် ရှိပါတယ်။ အခုအချိန်ကနေစပြီးတော့ ယူရိုသန်း ၂၀၀ ကူညီဖို့ အဆင်သင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်လျက် ရှိပါတယ်။ လူငယ်တွေရဲ့ဘ၀ တိုးတက်ဖို့ ကူညီလျက်ရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။ စီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါတယ်။ ယဉ်ကျေးမှုကဏ္ဍမှာလည်း တိုးတက်ဖို့ လုပ်ဆောင်ချင်ပါတယ်” ဟု ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြောကြားသည်။ပြင်သစ်နိုင်ငံ၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာကြောင်း၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် များစွာပါဝင်လုပ်ကိုင်နေကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအားလုံးတွင် ပါဝင်လုပ်ကိုင်လိုကြောင်း၊ အထူးသဖြင့် စွမ်းအင်ကဏ္ဍဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီဆောင်ရွက်ချင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် ဆောင်ရွက်လိုကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို ကူညီချင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ထို့ပြင်မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ကိုလည်း အသိအမှတ်ပြုကြောင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် လူ့အဖွဲ့အစည်းအားလုံး ပါဝင်ပတ်သက်ရကြောင်း၊ အဖွဲ့အစည်းအားလုံးကို ထောက်ခံကြောင်း ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြောကြားသည်။မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ခက်ခဲသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင်ပါ လိုအပ်ခဲ့မည်ဆိုပါက ပါဝင်ကူညီမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုပြီး ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား















