အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုအား မြို့တော်ဝန်က မထောက်ခံဘဲ မှတ်တမ်းတင်ရန်သာ ပြောကြားပြီး ကိုယ်စားလှယ်အများစုက ထောက်ခံသဖြင့် ဇွန် ၁၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ယင်းအဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က တင်သွင်းထားခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အများပြည်သူဆိုင်ရာ မူဝါဒများ နိမ့်ကျခဲ့သဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် မြေနေရာများ လျော့ကျခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် ပြည်သူများအတွက် သာတူညီမျှမှု မရှိဘဲ တရားဥပဒေမှာ တစ်ဖက်စောင်းနင်း ဖြစ်နေကာ လယ်မြေသိမ်းမှုများ၊ ဘောလုံးကွင်းများအား သိမ်းယူမှုများ ရှိသဖြင့် ကလေးသူငယ်နှင့် အများပြည်သူ အပန်းဖြေရာ နေရာများအား ဂရန်အမည်ပေါက်မြေများ ဖြစ်ခဲ့ကြောင်းနှင့် ကန်စွန်းခင်းနေရာများပါမကျန် ရောင်းချခြင်းများ ရှိခဲ့ကြောင်း၊ အလားတူ တောင်ဥက္ကလာပမြို့နယ်ရှိ ဘောလုံးကွင်းမြေ၊ မီးတားလမ်းမြေများကို ဌာနဆိုင်ရာ အမည်ပေါက်ဖြင့် ရယူထားသည်ကို တွေ့ရကြောင်း တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဆွေးနွေးခဲ့သည်။
အများပြည်သူပိုင် နေရာများအား အများပြည်သူ အပန်းဖြေနိုင်ရန် လုပ်ဆောင်ရမည့်အစား ပုဂ္ဂလိကအား ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့်အတွက် လူငယ်လူရွယ်များ၊ ပြည်သူများ၏ အပန်းဖြေနိုင်ခွင့် ဆုံးရှုံးနေရကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကလည်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်သူ့နေရာများကို အစိုးရ တာဝန်ရှိသူများက မိမိပိုင် မြေနေရာများကဲ့သို့ သဘောထားကာ ငှားရမ်းရောင်းချခြင်းများ ရှိနေကြောင်း ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးဇော်မိုးလွင်က ဆွေးနွေးခဲ့ပြီး အများပြည်သူပိုင်သည့် ပန်းခြံများကို ယခင်အစိုးရ လက်ထက်က နှစ်ရှည်ရောင်းချခြင်းများ ပြုလုပ်ခဲ့ပြီး ကန်တော်ကြီးမျှော်စင်ကျွန်း၊ မြကျွန်းသာ၊ အင်းလျားကန်ပေါင်စသည့် ပြည်သူပိုင် မြေနေရာများအား ပြည်သူများက ပိုင်ဆိုင်ခွင့် မရရှိခဲ့ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဋ္ဌေးက ဆွေးနွေးခဲ့သည်။
"ဝန်ကြီးများရုံးဟာ အများပြည်သူ လေ့လာခွင့်ပေးတဲ့နေရာ ဖြစ်ဖို့လိုတယ်။ အင်းလျားကန်ပေါင်မှာလည်း ဆိုင်ခန်းတွေဆောက်ပြီး ကားဝင်ကြေးကောက် စီးပွားရှာနေတဲ့ နေရာ ဖြစ်နေတယ်။ မြကျွန်းသာမှာ ဆိုရင်လည်း အဆောက်အအုံတွေ ဆောက်ထားပြီး အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ပြည်သူပိုင် မြေနေရာတွေ ဖျက်ဆီးခြင်း ခံနေရပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးလှဋ္ဌေးက ဆက်လက် ဆွေးနွေးခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆ အရ အစိုးရအနေနဲ့ အများပြည်သူပိုင် နေရာတွေကို အခြားလူတွေ လက်ထဲကို ရောက်ရှိနေတာတွေကို တားဆီးကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ဒါကိုဆောင်ရွက် ပေးသင့်ပါတယ်" ဟု ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးရန်အောင်မင်းက ထောက်ခံဆွေးနွေးခဲ့သည်။
သို့သော် ယင်းအဆိုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဆိုအား လွှတ်တော်က မှတ်တမ်းတင်ရန်သာ ပြောကြားခဲ့သဖြင့် အဆိုရှင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က အတည်ပြုသင့်ကြောင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ကြောင်း တင်ပြခဲ့သဖြင့် လွှတ်တော်အဆုံးအဖြတ်ကို ရယူခဲ့ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများစုကပါ ထောက်ခံသဖြင့် အဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။
"အဖြေရှာတဲ့ နေရာမှာ မှတ်တမ်းအရ အဖြေရှာရပါတယ်။ အများပြည်သူနေရာမှာ အများပြည်သူ ပိုင်ဆိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးတဲ့ အဆိုကိုတော့ ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော် ဒီအဆိုကို ကန့်ကွက်တာ မဟုတ်ပါဘူး။ စည်ပင်ကို စည်ပင်လို့ ကြည့်လို့ မရပါဘူး။ စည်ပင်ဆိုတာလည်း အစိုးရပါပဲ။ အစိုးရပိုင် မြေပေါ်မှာ အစိုးရ အဆောက်အအုံတွေကို အများပြည်သူအတွက် အလို့ငှာဆိုတာ သူရဲ့မူလအဆို ကျွန်တော်ရဲ့ တင်ပြချက် အဆိုက Case Study အနေနဲ့ သုံးသပ်ပြီး သူက National Level အနေနဲ့ သုံးသပ်တာပေါ့။ ဒီအဆိုကို ကျွန်တော်ကန့်ကွက်ပြီး ပြောတာ မဟုတ်ပါဘူး" ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
"ကျွန်တော့်အဆိုနဲ့ ပတ်သက်ပြီး အများပြည်သူပိုင် မြေနေရာ ဆိုတာဟာ Public Space၊ Public Area ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ပန်းခြံ၊ အားကစားကွင်း၊ မီးသတ်ကန်၊ မီးတားလမ်း၊ မီးတားကွက်၊ ရေမြောင်း၊ ရေစုဧရိယာ စတဲ့ Public Area ဒါတွေကိုအားလုံး မြို့ကွက်တွေ တည်ဆောက် ကတည်းက ထားခဲ့တာ။ ပိုနေလို့ ဆိုင်းဘုတ်တပ်ခဲ့တာ မဟုတ်ပါဘူး။ အားလုံးက အရေးကြီးလို့ ဖြစ်ပါတယ်။ မီးတားလမ်း၊ မီးတားကွက်ဆိုတာ မီးလောင်ရင် တစ်နေရာနဲ့ တစ်နေရာကို မီးမကူးဖို့ဆိုပြီး လမ်းလေးတွေ အကွက်လေးတွေ ခြားထားတာပါ။ ရေစုဧရိယာဆိုလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ ရေလျှံနေတာဟာ ရေစုဧရိယာအပေါ်မှာ ဂရန်တွေ ထုတ်ပေးလို့ ရောင်းခဲ့လို့ တိုက်တွေဆောက်ခဲ့လို့လည်း အများကြီး ပါပါတယ်။ အရင်ရေစု ဧရိယာတွေကို အကွက်ချပြီး ရောင်းခဲ့တဲ့အတွက် အခုရေကြီးမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ အများပြည်သူပိုင် မြေနေရာတွေဟာ အရမ်းကိုအရေးကြီးပါတယ်။ ပြည်သူလူထုမှ အမှန်တကယ် ပိုင်ဆိုင်နိုင်ရေးလို့ ဆိုတဲ့နေရာမှာ ပိုင်ဆိုင်မှု သဘောတရားကို ပြောလိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မြေတွေက နိုင်ငံတော်ပိုင်ပါတယ်။ အများပြည်သူပိုင်တဲ့ ဧရိယာတွေဟာ အများပြည်သူ သုံးစွဲဖို့ပဲ ဖြစ်ရမယ်။ လူတစ်ဦး တစ်ယောက် ဌာနတစ်ခုကနေ ပြီးတော့ ဒီဟာကို အပိုင်စီးတာမျိုး မဖြစ်ရဘူး ဆိုတဲ့ သဘောတရား ဒီအဆိုမှာ သက်ဝင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အစိုးရအနေနဲ့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒီအဆိုကို တင်သွင်းတဲ့အခါ ဒီလိုနေရာမှာရှိတဲ့ တိုက်တာအဆောက်အအုံ အများကြီး ဒီလိုဟာတွေကို ဖြိုဖျက်ဖို့ ဒီလို လုပ်လို့မရနိုင်တဲ့ အခက်အခဲ ရှိတာကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အဆိုနောက်ဆုံးမှာ ပြည်သူလူထုရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတစ်ရပ်လုံး လုံခြုံစိတ်ချစွာနဲ့ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးတို့အတွက် အရေးကြီးလှတဲ့ အားကစားကွင်း၊ ပန်းခြံ၊ စာကြည့်တိုက် အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား အစိုးရဌာနများက ကျူးကျော်ခြင်း၊ ငှားရမ်းခြင်း၊ ဂရန်ထုတ်ရောင်းချခြင်းများ ထပ်မံဖြစ်ပွားမှု မရှိစေရန်နှင့် ဖြစ်ခဲ့ပြီးသော ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖော်ထုတ်၍ ပြည်သူပိုင်များ ပြည်သူလူထုက အမှန်တကယ် ပိုင်ဆိုင်ခွင့်ရရေး စီစဉ်ဆောင်ရွက်ပေးပါရန် ဟူ၍ ဖြစ်ပါတယ်။ ထပ်မဖြစ်ဖို့ တစ်ပိုင်းပါ။ တားလို့ရတာလေးတွေ ရှိနိုင်ပါသေးတယ်" ဟု အဆိုတင်သွင်းခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က ပြောကြားသည်။
အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုအား မြို့တော်ဝန်က မထောက်ခံဘဲ မှတ်တမ်းတင်ရန်သာ ပြောကြားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများစုကပါ ထောက်ခံသဖြင့် ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု









