ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ဒုတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားခံပြေး ၅၁၄ ဦးကို ပြန်လည်ဖမ်းဆီးခဲ့

ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ဒုတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားခံပြေး ၅၁၄ ဦးကို ပြန်လည်ဖမ်းဆီးခဲ့
Published 15 June 2016
ဉာဏ်ဝင်းရှိန်၊ သက်မင်း

ယခုနှစ် ဇန်နဝါရီမှ ဇွန် ၁၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးနေသည့် တရားခံပြေး ၅၁၄ ဦး ပြန်လည်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
 
မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရက် ၁၀၀ စီမံချက် စတင်သည့် မေ ၁ ရက်မှ စ၍ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများကို ရဲတပ်ဖွဲ့အနေဖြင့် အရှိန်အဟုန်မြှင့် ဖမ်းဆီးနေခြင်းဖြစ်ပြီး မေ ၁ ရက်မှ ၃၁ ရက်အတွင်း တရားခံပြေး ၁၀၇ ဦးကို ပြန်လည်ဖမ်းဆီးခဲ့ပြီး ယခုလ ၁ ရက်မှ ၁၃ ရက် အတွင်း တရားခံပြေး၂၉ ဦးကို ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် စီမံချက်တွေ ဆွဲပြီး လုပ်နေတယ်။ တဖြည်းဖြည်းနဲ့ မြို့နယ်တွေ အားလုံးကို လုပ်လာမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေသာမကဘူး။ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာအပိုင်းလိုက် လမ်းတွေမှာ ခိုး၊ ဆိုး၊ နှိုက်တွေ မရှိအောင် ရဲတပ်ဖွဲ့ဝင်တွေချည်းပဲ လုပ်လို့မရဘူး။ အဲဒီအတွက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းအလိုက် စိစစ်တာတွေ လုပ်မယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း လှည့်ကင်းတွေနဲ့ စစ်ဆေးမယ့် အစီအမံတွေ လုပ်ထားပါတယ်။ ပြေးလေးပြေးအနေနဲ့က စီမံချက် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဖမ်းနေမှာပါပဲ။ တစ်တိုင်းလုံးအနေနဲ့ကျ ရဲတပ်ဖွဲ့ဝင် အင်အားမရှိမှာ ဖြစ်တဲ့အတွက် အပေါ်ကပြောသလိုမျိုး စမ်းပြီး လုပ်ဆောင်နေတယ်။ ဒီအပေါ်မှာ အားနည်းချက် အားသာချက်တွေကို သုံးသပ်ပြီးတော့မှ တဖြည်းဖြည်း ဖြန့်ကြက်သွားပါမယ်” ဟု ပြောကြားသည်။ 
 
သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်လပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှ ကျူးလွန်သူအချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။