အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အခြေအနေ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အလားအလာ၊ ဈေးကွက်အနေအထား၊ မြန်မာကျပ်ငွေဈေး ခိုင်မာမှု ရှိ မရှိ၊ မြန်မာပို့ကုန်များအပေါ် တရုတ်၏ ကန့်သတ်မှုအခြေအနေများကို Myanmar Automobile Public Co.Ltd ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
“ပြည်တွင်းမှာ ဘတ်ဂျက်လိုငွေ ပြနေမယ်ဆိုရင် မြန်မာငွေခိုင်မာဖို့ ခက်ဦးမယ်ထင်တယ်”
Myanmar Automobile Public Co.Ltd ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံခြင်း
► မေး- ပထမဆုံး သိချင်တာက အခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုရှိသလဲခင်ဗျ။
■ ဖြေ- လောလောဆယ်အနေနဲ့ပေါ့။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အများကြီး ပြောင်းလဲတာတော့ မတွေ့သေးဘူး။ သူတို့ ရက် ၁၀၀ အချိန်တော့ ရှိနေတယ်ပေါ့။ ပြောရရင်တော့ စီးပွားရေးက အခုမှတော့ဖြစ်တာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက မြန်မာနိုင်ငံရဲ့စီးပွားရေးက နှေးနေတယ်။ ဒါက တရုတ်နိုင်ငံရဲ့စီးပွားရေးကျတယ်။ ကမ္ဘာမှာလည်း စီးပွားရေးအနေနဲ့ တုံ့နှေးနေတဲ့ အတွက်ကြောင့် အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးတုံ့နှေးနေတာတော့ ရှိတယ်။ လောလောဆယ်တော့ အစိုးရသစ် သက်တမ်းအတွင်းမှာတော့ ထူးခြားပြီး ကောင်းမွန်တာ မတွေ့သေးပါဘူး။ ကုန်သွယ်မှုလုပ်ငန်းဖြစ်တဲ့ တရုတ်နိုင်ငံ နယ်စပ်ဒေသကို ဆန်တင်ပို့တဲ့ ကိစ္စကတော့ လက်ရှိအနေအထားမှာ အခက်အခဲတွေ့နေတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို အရင်ထက် ပိုပြီးတော့ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတာတွေ များတာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဒီအခက်အခဲ ကြုံတွေ့နေရတာ ရှိပါတယ်။ ကျန်တာကတော့ ကျွန်တော်တို့အနေနဲ့ ထူးခြားပြီး ပြောင်းလဲဆောင်ရွက်တဲ့ကိစ ္စမရှိသေးဘူး။ နောက်တစ်ခုက လက်ရှိအစိုးရသစ် ကျင့်သုံးမယ့် စီးပွားရေးပေါ်လစီပေါ့။ ဒါနဲ့ပတ်သက်ပြီး ချမှတ်တာတော့ မရှိသေးဘူး။ နောက် မော်တော်ကား တင်သွင်းရောင်းချတဲ့ လုပ်ငန်းတွေပေါ့။ ကား Showroom တို့ Sale Centre တွေကတော့ လောလောဆယ် ရန်ကုန်မြို့မှာ ကားပါကင်တွေ ထောက်ခံချက် ရပ်ထားတဲ့အတွက်ကြောင့်မို့ အချိန် နှစ်လခွဲ သုံးလလောက် လုပ်ငန်းရပ်ဆိုင်းနေတဲ့ အနေအထားတော့ ရှိတယ်။ ဒါကတော့ လက်ရှိအခြေအနေပေါ့။
► မေး- ဆရာတို့အနေနဲ့ ဝန်ကြီးဌာနတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရာမှာရော အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
■ ဖြေ- စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပြီးခဲ့တဲ့အခေါက် တွေ့ဆုံမှုလုပ်တဲ့ အချိန်မှာတော့ ကျွန်တော့်အနေနဲ့ လက်ရှိ စီးပွားကူးသန်းမှာ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ Online စနစ် အတုဖြစ်နေတာပေါ့။ ကျွန်တော်တို့က စီးပွားကူးသန်းမှာ လိုင်စင်လျှောက်ရင် စာရွက်စာတမ်းနဲ့ ညွှန်မှူးကို ဝင်တွေ့၊ အဆင့်ဆင့်တွေ့ပြီး ညွှန်မှူးက လက်မှတ်ထိုးပြီးတဲ့ အချိန်ကျရင် ကျွန်တော်တို့က အပြင်ထွက်ပြီး Online တင်ရတယ်။ အဲဒီဟာကို ကျွန်တော်တို့က ပယ်ဖျက်ပြီးတော့မှ Online အစစ် အသုံးပြုဖို့ တင်ထားတာရှိတယ်။ အဲဒါကို မကြာမီမှာပဲ ဆောင်ရွက်တော့မယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက (အနောင့်စ်) လုပ်တာတွေ့တယ်။ ဒါက လက်ရှိ စီးပွားကူးသန်းပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့ အနေနဲ့စပြီးတော့ အသုံးပြုလို့ မရသေးဘူး။ သို့သော်လည်း မကြာခင်မှာတော့ Online စနစ်အသစ်ပေါ့နော်။ Online သီးခြားသုံးလို့ ရအောင် လုပ်ပေးမယ် ဆိုတာတော့ ထူးခြားတဲ့ဟာလေး တစ်ခုလို့တော့ မြင်ပါတယ်။ ကျန်တာတော့ ကျွန်တော်တို့အနေနဲ့ ဆိပ်ကမ်းမှာလည်း ကွန်တိန်နာတွေ ပိတ်ဆို့ပြီးတော့မှ ထုတ်ရ သွင်းရ ခက်တယ်။ ကုန်ကျစရိတ်တွေ များတယ်။ ဒါတော့ပြဿနာဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ သက်ဆိုင်ရာ အဝေးထိန်းဌာနကို ညှိနှိုင်းပြီးတော့မှ အကောက်ခွန်ကနေပြီးတော့ ညဘက်ပါ အလုပ်လုပ်တယ်တို့ ဆောင်ရွက်ပေးတာ ရှိတယ်ပေါ့။ ဒါကတော့ လက်ရှိအနေအထားပေါ့။ တစ်ဖက်မှာလည်း ရန်ကုန်မြို့ မြေအောက်ပိတ်ဆို့မှုအတွက် တခြားပြဿနာတွေ ရှိတယ်။ လက်ရှိအနေအထားကတော့ ဒီအစိုးရဝန်ကြီးဌာနနဲ့ ဆက်သွယ်တဲ့နေရာမှာတော့ ဘာပဲဖြစ်ဖြစ်တော့ အရင်နဲ့စာရင် ပိုပြီးတော့မှ ပျော့ပျောင်းလာတဲ့ လက္ခဏာတော့ တွေ့ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့တို့လို ဟာတွေကလည်း နည်းနည်းလေးတော့ ပိုပျော့ပျောင်းလာတယ်။ ဒါပေမဲ့လည်း လုပ်ငန်းအဆင့်တွေကတော့ အများကြီး ထူးထူးခြားခြား မပြောင်းလဲလာသေးဘူး။ မပြောင်းလဲတဲ့ အတွက်ကြောင့် မို့ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တယ်ဆိုရင် တချို့လုပ်ငန်း အဆင့်တွေကိုတော့ လိုအပ်တဲ့ အဆင့်တွေကို လျှော့ချပေးရင်တော့ ပိုပြီးတော့ အောင်မြင်လာမယ်လို့ မြင်ပါတယ်။
► မေး- ငွေရေးကြေးရေးပိုင်းတွေမှာရော ဘယ်လို အခြေအနေတွေရှိလဲဆရာ။
■ ဖြေ- ကျွန်တော်တို့ အစည်းအဝေးတွေမှာ ပြောပြောနေကြတဲ့ အမေရိကန်ဆန်ရှင်ကို ပြောကြတာပေါ့။ အမေရိကန်ဆန်ရှင်ထက်စာရင် ပြည်တွင်းမှာ အစိုးရက ဆန်ရှင်တွေ လုပ်ထားတာရှိတယ်။ ဒါတွေကို အရင်ဆုံးဖြေလျှော့ဖို့ လိုတယ်။ ကျွန်တော်တို့က အမေရိကန်ဆန်ရှင်ကို သိပ်မကြောက်ဘူး။ ကျွန်တော်တို့အနေနဲ့က အမေရိကန်နဲ့ ဝေးတယ်။ နဂိုကတည်းက စင်ကာပူတို့ ကျန်တဲ့ တိုင်းပြည်တွေနဲ့ တစ်ဆင့်ခံပြီး သွားတဲ့အတွက်ကြောင့် တိုက်ရိုက်သက်ရောက်မှုက နည်းတယ်။ ပြည်တွင်းမှာရှိတဲ့ ကြိုးနီစနစ်တွေ လျှော့ချဖို့လိုတယ်ဆိုတာ အထူးသဖြင့်တော့ အဓိကပြောင်းလဲရာမှာတော့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးပေါ့။ ဒါတော့ လုံး၀ ပြောင်းလဲတာ မတွေ့သေးဘူး။ ဆိုပါစို့ ကျွန်တော်တို့က ပစ္စည်းတစ်ခုကို ဝယ်မယ်ဆိုရင် ရန်ကုန်မှာ ဈေးဝယ်မယ်ဆိုရင် ပိုက်ဆံချေပြီးမှ ပစ္စည်းယူလို့ ရတာပေါ့။ အစားအသောက်ပဲ ဝယ်ဝယ် အင်္ကျီပဲ ဝယ်ဝယ်။ အဲဒီအတိုင်းပါပဲ။ နိုင်ငံခြားပစ္စည်းကို မှာမယ်ဆိုရင်လည်း ငွေကိုချေပြီးမှ ပစ္စည်းယူတဲ့ စနစ်ပေါ့။ ဒါမှမဟုတ်လည်း အာမခံထားတဲ့ LC တို့ ဘာတို့ပေးရတာပေါ့။ ဒါပေမဲ့ လက်ရှိအစိုးရက ခွင့်ပြုထားတာကတော့ ပစ္စည်းရောက်ပြီးမှ ငွေချေပါ ပြောတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က နှစ်ရင်းရင်း ရတာပေါ့။ ပစ္စည်းတင်သွင်းတဲ့အခါ တစ်ရင်းပေး ပစ္စည်းရောက်တဲ့အခါမှာလည်း အစိုးရက သတ်မှတ်ထားတဲ့အတွက် ဖိန့်နဲ့ တစ်ရင်း ထပ်ချေ။ ဒီစနစ်က အခုထိ ရှိနေတုန်းပေါ့။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ ဘဏ်တွေကလည်း ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းဆိုင်ရာတွေက လက်ရှိအနေထားမှာ သိပ်မပြောင်းလဲဘူး။ ရတော့ရတာ ရှိတယ် ဒါပေမဲ့လည်း အဆင့်ဆင့်ရတယ်။ ပြည်တွင်းဘဏ်က ခံရတဲ့အတွက်ကြောင့် ဘဏ်ကော်မရှင် သုံးရာခိုင်နှုန်း ပေးရတယ်။ တစ်ခါ နိုင်ငံခြားဘဏ်တွေကလည်း သူတို့ဆီမှာ အလကားရတဲ့ နှစ်ရာခိုင်နှုန်းနဲ့ သုံးရာခိုင်နှုန်း ယူတဲ့ဟာကို ကျွန်တော်တို့ဆီမှာ ကျတော့ ခြောက်ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်း ယူတယ်။ ရတဲ့လူတွေအနေနဲ့ ဒီအကျိုးကို မခံစားရဘူး။ အများစုကလည်း မရကြဘူး။ ဒါတွေအနေနဲ့ ပြောင်းလဲပေးဖို့ လိုတယ်။ ဘဏ်လုပ်ငန်းစနစ်မှာ ကြည့်လိုက်မယ်ဆိုရင် ကျေးလက်ဒေသမှာ ငွေလိုတယ်။ ကုန်ပစ္စည်းဖြစ်တဲ့ ထွန်စက်တွေ၊ ရိတ်သိမ်းခြွေလှေ့စက်တွေ လိုတယ်။ အဲဒါတွေဝယ်ဖို့ ပြည်တွင်းဘဏ်တွေက မလုပ်ပေးနိုင်ဘူး။ အစိုးဘဏ်မှာလည်း လုပ်ဖို့ ပိုက်ဆံမရှိ ဘူး။ ပြည်ပဘဏ်တွေကျ လုပ်ကိုင်ခွင့် မပေးဘူး။ အဲဒါ ဘာကြောင့်လဲဆိုတာ စဉ်းစားဖို့လိုတယ်။ လက်ရှိအနေနဲ့ ပြည်တွင်းမှာ ကျွန်တော်တို့ လုပ်ငန်းလုပ်နေတဲ့ လူတွေ SMEs တွေအကုန်လုံးက ငွေကြေးရင်းနှီးဖို့ လိုတယ်။ အဲဒီ ငွေကြေးရင်းနှီးဖို့ကို ပိုက်ဆံချေးဖို့ ခက်တယ်။ ပြည်တွင်းဘဏ်မှာလည်း limited ဖြစ်နေတယ်။ ပြည်ပဘဏ်တွေကိုလည်း လုပ်ငန်းပေး မလုပ်ဘူး။ ဒါတွေကလည်း ပြန်သုံးသပ်ဖို့လိုကြောင်း တင်ပြခြင်းဖြစ်တယ်။ ဒါတွေ မပြောင်းလဲသရွေ့ကတော့ မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ခက်ပါတယ်။
► မေး- တစ်လောကလည်း နိုင်ငံခြားသတင်းဌာနတစ်ခုက ရေးတယ်။ မြန်မာကျပ်ငွေက ခိုင်မာလာဖို့ရှိတယ်။ ဒေါ်လာဈေးကလည်း ကျပ် ၁၀၀၀ လောက်အထိ ကျမယ်ပြောတယ်။ သိရသလောက်တော့ ဒေါ်လာဈေးက ပြီးခဲ့တဲ့ ရက်ပိုင်းက အတက်ဘက်ကိုတောင် ပြခဲ့တယ်။ ဒါတွေ အပေါ် ဆရာ့အမြင်ကို သိချင်ပါတယ်။
■ ဖြေ- ဒါတော့ ပြည်ပလုပ်ငန်းရှင်တွေ၊ အဖွဲ့တွေကတော့ အကောင်းမြင်တာပေါ့။ NLD အစိုးရ တက်လာပြီဆိုကတည်းကိုက အကောင်းမြင်တာပေါ့။ သူတို့ကတော့ တပ်မတော်အစိုးရ အကြွင်းအကျန်ထက်စာရင်တော့ ဒီမိုကရေစီအစိုးရကို အားပေးတယ်ပေါ့။ သူတို့အနေနဲ့ အကောင်းဘက်က မြင်ကြတာပေါ့။ အကောင်းဘက်က စဉ်းစားတာပေါ့။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တက်လာမယ်။ တစ်ဖက်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ၊ ငွေတွေ ဝင်လာ မယ်ပေါ့။ ဒါပေမဲ့ ပြည်တွင်းမှာကျတော့လည်း အခြေခံ အဆောက်အအုံတွေ မပြောင်းလဲနိုင်သေးဘူး။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပေါ်လစီ မပြောင်းလဲနိုင်သေးဘူး။ မခိုင်မာသေးတဲ့ အတွက်ကြောင့်မို့လို့ ပြည်ပရင်းနှီးမြှုပ်နှံမှုဘက်က ကြည့်ရင် မလွယ်သေးဘူး။ မီးမှ မမှန်သေးတဲ့ကိစ္စကို စက်ရုံလာတည်ဖို့ ပြောဖို့က အလကားပဲပေါ့။ ပြည်တွင်းမှာ ကျွန်တော်တို့တောင် မီးမှန်အောင် မရနိုင်သေးဘူး။ အခုထက်ထိ ဖယောင်းတိုင်တို့ ဆိုလာတို့ ဘက်ထရီတို့ သုံးနေတဲ့အဆင့်ဆိုတော့။ ဒါကလည်း ပြည်ပက အကောင်းမြင်တဲ့သူတွေ စဉ်းစားဖို့အချက်ပေါ့။ နောက်တစ်ချက် ကျွန်တော်တို့ဆီမှာ အခွန်စနစ် မကောင်းဘူး။ မကောင်းတဲ့အတွက်ကြောင့် ပိုက်ဆံလိုတယ်ဆိုရင် ငွေစက္ကူ အမြဲတမ်း ရိုက်ထုတ်နေရတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် လယ်သမားတွေ ငွေချေးဖို့အတွက် ဘီလျံငါးရာ ဗဟိုဘဏ်ချေးမယ်ပြောတော့ ဗဟိုဘဏ်ကနေ ရိုက်နှိပ်မယ် ပြောတယ်။ ဒေါ်လာဈေးတွေ တက်တော့ ရိုက်တာမဟုတ်ပါဘူး။ လိုမှ ထုတ်တယ်ဆိုတာက တကယ်တမ်း ဘီလျံ ၅၀၀ ထုတ်ချေးမယ် ဆိုရင်တောင် နောင်ထပ် လိုသေးတယ်။ ချေးရမယ့်ငွေက ဘီလျံ ၁၇၀၀ လောက် လိုတယ်။ ဘီလျံ ၅၀၀ ထုတ်ချေးမယ် ဆိုရင်တောင် လယ်သမားကိုပေးဖို့ ငွေက မပြည့်သေးတဲ့ အနေအထားရှိတယ်။ သဘောကတော့ ကျွန်တော်တို့မြင်တာကတော့ ငွေစက္ကူ ရိုက်ထည့်လိုက်တာက ဘာပဲဖြစ်ဖြစ်တော့ ဒေါ်လာဈေး တက်မလား၊ ကျမလားဆိုတာ ရှင်းနေတာပေါ့။ မြန်မာငွေ ပိုရိုက်တဲ့အတွက်ကြောင့် exchange rate မှာ မြန်မာငွေပျော့ဖို့ပဲ မြင်တယ်။ ပြည်ပလုပ်ငန်းရှင်တွေကတော့ ဒီအချက်တွေ မသိလို့ ဖြစ်မယ်ထင်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ပြည်ပက ကြည့်ရင်တော့ တစ်မျိုးမြင်မှာပေါ့။ ကျွန်တော်တို့ ပြည်တွင်းသူတွေကတော့ ပကတိကို မြင်တာပေါ့။ သို့သော်လည်းပဲ NLD အစိုးရသစ် အနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုအပြင် World Bank တို့ ODA ပေါ့နော်။ ဒါတွေကို ရအောင်ယူဖို့ လိုတယ်။ ဆိုပါတော့ အီသီယိုပီးယားတို့ဆိုရင် တစ်နှစ်ကို ODA ယူအက်စ်ဒေါ်လာ ၁၈ ဘီလျံလောက် ရနေတယ်။ ဒါမျိုးတွေရဖို့ လိုတာပေါ့။ အဲဒါမျိုးရရင်တော့ ငွေကြေးတက်လာမယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လောလောဆယ် ဘာမှ ကတိပေးတာ မတွေ့ဘူး။ မြန်မာတွေကတော့ မျှော်ကြတာပေါ့။ အစိုးရသစ်တက်လာရင် အမေရိကန်က ကူညီမယ်ပေါ့။ အမေရိကန်တောင်မှ နိုင်ငံရေးမှာ ဘယ်လိုဖြစ်မယ် မသိသေးဘူး။ ကလင်တန် နိုင်မလား ဘယ်သူနိုင်မလဲ မသိသေးဘူး။ အဲဒါပေါ် မူတည်ပြီးမှ နိုင်ငံရေးက အများကြီး ပြောင်းလဲနိုင်တယ်။ နောက်ဆုံး ကျွန်တော်တို့က ကိုယ့်အားပဲ ကိုယ်ကိုးရမှာ။ ကိုယ့်အားကိုယ်ကိုးတဲ့ နေရာမှာလည်း ပြည်တွင်းမှာ ဘတ်ဂျက်လိုငွေ ပြနေမယ်ဆိုရင် မြန်မာငွေ ခိုင်မာဖို့ ခက်ဦးမယ် ထင်တယ်။
► မေး- ဆရာပြောတဲ့ တရုတ်နိုင်ငံက ကျွန်တော်တို့ဘက်က တင်ပို့တာတွေကို ကန့်သတ်တာတွေကရော ဘယ်လို သဘောဆောင်သလဲ။ နိုင်ငံရဲ့စီးပွားရေးအလားအလာ ကကော ဘယ်လိုရှိသလဲခင်ဗျ။
■ ဖြေ- ကျွန်တော်တို့ မြင်တာက တရုတ်က လုပ်တာလည်း နိုင်ငံရေးပေါ့နော်။ သူက ဘာလဲဆိုရင် NLD အစိုးရ တက်တဲ့အချိန်မှာ တရုတ်အစိုးရကို အာရုံစိုက်အောင်ပေါ့နော်။ အခုက ကျွန်တော်တို့ အနောက်နဲ့ ပိုပြီး ဆက်သွယ်မှု အားကောင်းတယ်ပေ့ါ။ အမေရိကန်နဲ့ ဆက်ဆံတယ်၊ ရုရှားနဲ့ ဆက်ဆံတယ်။ တရုတ်ဘက်ကတော့ ဆက်ဆံမှု အားနည်းနေသေးတာပေါ့။ အဲဒါကို မူတည်ပြီး သူက ဒါကို ဖိအားပေးတာပေါ့။ ဖိအားပေးတဲ့အခါမှာ နယ်စပ်မှာ ဖမ်းတယ် ဆီးတယ် လုပ်တယ်ပေါ့။ နောက်ပြီး နယ်စပ်ဝင်ပေါက်တွေအားလုံး ထရပ်ကားကြီးတွေ ဖြတ်လို့မရအောင် အတားအဆီးတွေ တည်ဆောက်တာတွေ ကျွန်တော်တို့ တွေ့ရတယ်။ ကျွန်တော်တို့ရဲ့ဆန်စပါး ရာခိုင်နှုန်း ၈၀ က တရုတ်ပြည် တရားမဝင်သွားတယ်။ ဒါသူတို့ သိနေတာပဲ အရင်ကတည်းက။ ပြောင်းဆို ၉၉ ရာခိုင်နှုန်းပေါ့။ သကြားဆိုရင် Reexport ပြန်လုပ်တာ တစ်နှစ်ကို တန်ချိန် နှစ်သန်း၊ သုံးသန်းပေါ့။ ဒီအတွက် မြန်မာအစိုးရက အခွန်အများကြီးရတယ်။ ကားသမားတွေ၊ ကုန်သည်တွေ အလုပ်ဖြစ်ခဲ့တယ်။ ဒါကိုသူက နည်းနည်းလေး ကျပ်တဲ့ပုံစံ ရှိတယ်။ ဒါ ဘယ်အထိဖြစ်လာနိုင်သလဲ ဆိုရင် ဆိုပါစို့ ကျွန်တော်တို့ လက်ရှိအနေအထားမှာ ဆန် export ဆိုရင် တရုတ်နိုင်ငံကို ရာခိုင်နှုန်း ၈၀ သွားတယ်။ ဈေးကွက်အသစ်လည်း မရှာနိုင်ဘူး။ အရင်က အာဖရိကဈေးကွက် ရှိတယ်။ ဒါလည်း ပျက်သွားပြီ။ ဟိုတစ်ခေါက် အင်ဒိုနီးရှားကို ဆန်ပို့တဲ့အခါမှာလည်း အခက်အခဲတွေ ရှိခဲ့တယ်။ အဆင်မပြေဘူး။ တရုတ်က အခုလိုလုပ်မယ်ဆိုရင် ဘာဖြစ်လာနိုင်လဲဆိုရင် လာမယ့် မိုးစပါးထွက်မယ့် ရာသီမှာ ဒီအတိုင်းသာ ပိတ်မယ်ဆိုရင် စပါးဈေးကျမယ်။ စပါးဈေးကျတော့ တောင်သူတွေ ထိမယ်။ လောလောဆယ်တော့ ကုန်သည်ထိတော့ အရေးမကြီးဘူးပေါ့နော်။ ဒါ ဆန်သမားတွေ ထိတာပဲ ဘာမှမဟုတ်ဘူးလို့။ အဲဒီလူတွေက ဆန်မလုပ်လည်း တခြားဟာ လုပ်မှာပေါ့။ ကားရောင်းမယ်၊ ကားမကောင်းလဲ တခြားဟာလည်း ရောင်းမှာပေ့ါ။ စပါး မရောင်းလဲ တခြားဟာလည်း ရောင်းမှာပေါ့။ ထရေးဒင်း လုပ်တဲ့သူတွေက တစ်ခုမကောင်းလည်း နောက်တစ်ခု လုပ်မှာပေါ့။ သူက လုပ်ငန်းရှင်ဆိုတော့ ထရေးဒင်းလုပ်တယ်ဆိုတော့ လယ်သမားကတော့ ပြဿနာရှိတယ်။ သူက စပါးစိုက်တာကိုး။ သူက မဝယ်ဘူးဆိုရင် စပါးဈေးကျသွားရင် ၂၀၁၂ ခုနှစ်က ဆိုရင်ဖြစ်တယ်။
စပါးဈေးက တင်းတစ်ရာ နှစ်သိန်းခွဲအထိ ဖြစ်တယ်။ အဲဒီတုန်းက ဆန်စပါးအသင်းချူပ်က အရန်ဆန် ဝယ်မယ် ဘာမယ် လုပ်ခဲ့တယ်။ အခု ၂၀၁၆ မိုးစပါးအကုန်ကျရင် ဒါကို သတိထားဖို့ လိုတယ်။ စီးပွားရေးဆိုပေမယ့် စီးပွားရေးထိခိုက်လာရင် နိုင်ငံရေးကိုပါ ထိခိုက်လာမယ်။ ကုန်သည်တွေက အရေးမကြီးပေမယ့် လယ်သမားတွေအင်အားစု များတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှပဲ နိုင်ငံရေး တည်ငြိမ်မယ်။ ဒါကတော့ အစိုးရသစ် အနေနဲ့သတိထားရမယ့် အချက်တစ်ချက် ဖြစ်တယ်လို့ မြင်တယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးက အရေးကြီးတယ်။ တစ်ဖက်မှာလည်း တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးကို ဘယ်လိုလုပ်မလဲပေါ့။ တရုတ်က မဝယ်ဘူးဆိုရင်လည်း ဝယ်အောင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ် ဈေးကွက်သစ် ဘယ်လိုရှာမလဲ။ ကျွန်တော်တို့ မြင်တာက စီးပွားရေးတုံ့နှေးနေတာကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ လိုတယ်။ ဆိုပါစို့ အခုဆိုရင် ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ရပ်ဆိုင်းထားတယ်။ ရပ်ဆိုင်းထားတော့ သူဌေးတွေကတော့ ထိုင်ကြည့်နေတာပေါ့။ လက်လုပ်လက်စားတွေ ပန်းရန်တို့ ဘာတို့ပေါ့။ ဆိုက်တစ်ခုမှာဆိုရင် အလုပ်သမားက ရာဂဏန်း ထောင်ဂဏန်း ရှိတယ်။ အဲဒါတွေကို တစ်လလောက် ရပ်ထားလိုက်ရင် ဘာဖြစ်မလဲ။ ဒီပြဿနာက တက်လာမယ်။ ဘာပဲဖြစ်ဖြစ် သတိထားပြီး ကိုင်တွယ်ဖို့လိုတယ်။ စီးပွားရေးက နေ့စဉ်စားဝတ်နေရေးကို ချက်ချင်း ထိတာပေါ့။ အထပ်မြင့်တွေ ရပ်သွားတာ ကောင်းတယ်။ စည်းကမ်းနဲ့ညီလား မညီလား ဆိုပေမယ့် လုပ်ငန်းရှင်တွေက လုပ်ငန်းအစုံ လုပ်ကြတယ်။ သူတို့အတွက် ထူးထူးခြားခြား မထိဘူး။ တစ်ခုရပ်ရင် တစ်ခုသွားဆိုတော့ သူတို့ကတော့ ထမင်းငတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို မှီခိုနေတဲ့ ပန်းရန်တို့ နေ့စားလုံခြုံရေးကစပြီး သူတို့အတွက် ဘယ်နေရာသွားလုပ်မလဲ ဆိုတာကရှိတယ်။ ဒါက ဥပမာပေးတာပါ။ အစိုးရသစ်အနေနဲ့က စီးပွားရေးကို သတိထားကိုင်တွယ်ဖို့နဲ့ ခိုင်မာတဲ့ စီးပွားရေးပေါ်လစီချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုတယ်။ စီးပွားရေးဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံရေးတည်ငြိမ်မယ်လို့ ထင်တယ်။ စီးပွားရေးဖွံ့ ဖြိုးရေးကို မဆောင်ရွက်နိုင်ဘူးဆိုရင် နိုင်ငံရေး တည်ငြိမ်ဖို့ ခက်မယ်လို့ ထင်တယ်။