မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကို ၁၉၆၅ ခုနှစ်က ရန်ကုန်မြို့၌ စတင်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ၁၉၆၉ ခုနှစ်မှစ၍ ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် ၁၉၇၀ တွင် ရန်ကုန်မြို့ပေါ်၌ ကပ်ရောဂါအသွင် စတင် ဖြစ်ပွားခဲ့ပြီးနောက် ထိုမှတစ်ဆင့် မန္တလေး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်သို့ ကူးစက် ပျံ့နှံ့ခဲ့သည်။ ၁၉၇၄ ခုနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ရောဂါပျံ့နှံ့ခဲ့ရာ ယခင်က ကူးစက်မှု မရှိခဲ့သည့် ကယားပြည်နယ်၌ပင် ၂၀၀၈ ခုနှစ်မှစ၍ ရောဂါ ကူးစက်ခြင်း ခံခဲ့ရပြီး လက်ရှိတွင် ချင်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ရောဂါ ကူးစက်မှုများ ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးမှုနှုန်း ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားနှုန်းမှာမူ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ စံချိန်တင်ဖြစ်ပွားမှု အနေဖြင့် ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၂၃၉၈ ဦးအထိ ကူးစက်ခံခဲ့ရသည်။ ထို့ပြင်၂၀၀၅၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင်လည်း ရောဂါဖြစ်ပွားသူ ဦးရေ မြင့်တက်ခဲ့ရာ ယခုနှစ်အတွက် ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။“အခု ဇွန်မှာ မိုးတွေ ရွာလာတော့ ခြင်တွေဥ ဥထားတဲ့ နေရာကနေ အကောင်ပေါက်လာမှု များလာတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လသည် ရောဂါဖြစ်ပွားမှုများတဲ့ လတွေဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ့်အချိန် ရောက်ပါပြီ”မေး - ဒီနှစ်ရဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခြေအနေကို ဦးဆုံးပြောပြပေးပါ။ ဖြေ - ၂၀၁၆ ခုနှစ် မေလကုန်အထိ ရထားတဲ့ အချက်အလက်တွေအရ တစ်နိုင်ငံလုံးမှာ ရောဂါဖြစ်ပွားသူ ဦးရေ ၉၆၈ ဦး၊ သေဆုံးသူ ခြောက်ဦးအထိ ရှိနေပါတယ်။ ဖြစ်ပွားမှုများတဲ့ တိုင်းဒေသကြီးတွေထဲမှာ ရန်ကုန်၊ တနင်္သာရီ၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မွန်ပြည်နယ်တွေက အများဆုံးပါ။ ရန်ကုန်ကတော့ နှစ်စဉ် ရောဂါဖြစ်ပွားမှုများတဲ့ တိုင်းတစ်တိုင်းဖြစ်ပြီး အခုလက်ရှိအထိ ဖြစ်ပွားသူ ၃၁၈ ဦး၊ သေဆုံးသူလေးဦး ရှိပါတယ်။ ရန်ကုန်က လူဦးရေ ထူထပ်တယ်။ လူနေသိပ်သည်းတယ်။ ရေသိုလှောင်မှု များတယ်။ ရွှေ့ပြောင်း လုပ်သားများတယ် စတဲ့ အချက်တွေကြောင့် ရောဂါဖြစ်ပွားမှုက နှစ်စဉ် များနေပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာက ရောဂါဖြစ်တာနဲ့ ချက်ချင်းသိတယ်။ သတင်း အချက်အလက် မြန်မြန်ရတယ်။ ဆေးရုံ၊ ဆေးခန်းတွေနဲ့လည်း ချိတ်ဆက်မှု အားကောင်းတာတွေကြောင့် ဘယ်နေရာမှာ ဘယ်သူတွေ ဖြစ်တယ်ဆိုတဲ့ သတင်း အချက်အလက်တွေကြောင့်လည်း ပါပါတယ်။ အခု ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပြီး သေဆုံးသွားတဲ့ လူနာတွေထဲမှာ အသက် ၁၆ နှစ် အရွယ် လူငယ်တစ်ဦး ပါပါတယ်။ ပညာပေး လုပ်ငန်းတွေ လုပ်တဲ့အခါ သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေး ဖြစ်နေတယ်။ သတိလက်လွတ် နေမိရင် အသက် အန္တရာယ်ရှိတယ်လို့ ပြောနေပေမယ့် ဒီလိုလူနာမျိုးတွေကိုလည်း ခုချိန်အထိ တွေ့နေရတုန်းပါပဲ။ သွေးလန့်တဲ့ လက္ခဏာဆိုတာ ကလေးတွေမှာတင် မကဘူး လူကြီး လူငယ်တွေမှာလည်း ဖြစ်တတ်တယ်။ ဒါကို အချိန်မီ ဆေးရုံမသွားနိုင်ရင် အချိန်မီ ကုသနိုင်ဖို့ မလွယ်ပါဘူး။ အချိန်မီ ကုသမှသာလျှင် အသက်ရှင်နိုင်မှာပါ။ ဒီနှစ်ရဲ့ ပထမ ငါးလအထိက အရမ်းပူခဲ့တဲ့အတွက် ခြင်ပေါက်ဖွားမှုက နည်းခဲ့တယ်။ အခု ဇွန်မှာ မိုးတွေ ရွာလာတော့ ခြင်တွေဥ ဥထားတဲ့ နေရာကနေ အကောင်ပေါက်လာမှု များလာတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လသည် ရောဂါဖြစ်ပွားမှုများတဲ့ လတွေဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ့်အချိန် ရောက်ပါပြီ။ မနှစ်က ဇွန်လအထိဆို ရောဂါဖြစ်ပွားနှုန်းက ၉၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ဒီနှစ်ဇွန်မှာတော့ ၃၀၀ ကျော်ပဲ ရှိနေသေးတဲ့ အတွက် မနှစ်ကထက်စာရင် ဖြစ်ပွားနှုန်းက နည်းနေတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီစောင့်ကြည့်ရမယ့် သုံးလအတွင်းမှာ အခြေအနေ ဘယ်လိုရှိမယ် ဆိုတာကတော့ မပြောနိုင်သေးပါဘူး။မေး - သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ရောဂါ ကူးစက်ပုံကိုလည်း ရှင်းပြပေးပါ။ ဖြေ - သွေးလွန်တုပ်ကွေး ရောဂါက အေးဒီးစ်ခြင် သို့မဟုတ် အများအခေါ် ခြင်ကျား ကိုက်ခံရခြင်းကြောင့် ကူးစက်တာ ဖြစ်ပါတယ်။ ခြင်ကနေတစ်ဆင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားစေတဲ့ Dengue Virus ပိုးက လူ့ကိုယ်ခန္ဓာထဲကို ပျံ့နှံ့တာဖြစ်ပြီး Dengue Virus ပိုးမှာ Dengue Virus Type 1,2,3,4 ဆိုပြီး မျိုးစိတ်ကွဲ လေးမျိုး ရှိပါတယ်။ ရောဂါဖြစ်ပွားနှုန်းတွေ တစ်နှစ်ထက် တစ်နှစ် များလာတာက လူဦးရေ သိပ်သည်းမှု များပြားလာတာ၊ ရေသိုလှောင်မှု များလာတာ၊ ရေတင်ကျန်နိုင်တဲ့ စွန့်ပစ် ပစ္စည်းတွေ များလာတာ၊ ရာသီဥတု ပူနွေးလာတာကြောင့် ခြင်ပေါက်ဖွားမှု များလာတာ၊ တစ်နယ်ကနေ တစ်နယ်ကို ကူးသန်းသွားလာမှု များလာတာကြောင့် ရောဂါကူးစက်မှု မြန်လာတာတွေအပြင် အဓိကအားဖြင့် ရောဂါကာကွယ် နှိမ်နှင်းရေးတွေကို ပြည်သူတွေက လိုက်နာ လုပ်ဆောင်မှု နည်းပါးတာတွေကြောင့်လို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ငါးရက်ကနေ ခုနစ်ရက်အတွင်း လူမှာရောဂါ လက္ခဏာတွေ စတင် ပေါ်လာတတ်ပါတယ်။ ခြင်ကျားအမဟာ သူ့ရဲ့သန္ဓေအောင်ဖို့ အတွက် လူတစ်ဦး ထက်မက သွေးကို စုပ်ယူမှသာလျှင် လုံလောက်တဲ့အတွက် အဲဒီအချက်က သွေးလွန်တုပ်ကွေး ရောဂါကို လျင်လျင်မြန်မြန် ကူးစက်စေတဲ့ အဓိက အချက်ဖြစ်ပါတယ်။မေး - သွေးလွန်တုပ်ကွေးက အချိန်မီ မကုသမှု မရှိခဲ့ရင် အသက်ဆုံးရှုံးနိုင်ခြေရှိတဲ့ ရောဂါဖြစ်တဲ့အတွက် သတိထားရမယ့် အချက်လေးတွေ ရှိရင်လည်း ပြောပြပေးပါ။ဖြေ - သွေးလွန်တုပ်ကွေးကြောင့် သေဆုံးနှုန်းတွေကတော့ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာပါပြီ။ ပထမအဆင့် သွေးလွန်တုပ်ကွေး လက္ခဏာတွေက ရိုးရိုးတုပ်ကွေး ဖြစ်တာနဲ့ ဆင်တူတဲ့အတွက် တချို့က ရိုးရိုးဖျားတယ်ပဲ ထင်ပြီး သေချာ ဂရုမစိုက် မိတတ်ကြဘူး။ တချို့မိဘတွေက ကလေးတွေကို မကြည့်နိုင်တဲ့ အခြေအနေမျိုးဆိုရင် သွေးလွန်တုပ်ကွေး လက္ခဏာတွေပြပေမယ့် မသိတဲ့အတွက် အချိန်မီ ဆေးရုံကို မပို့နိုင်ကြဘူး။ နောက်သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု Grade မြင့်တာမျိုးဆိုရင် လူနာက သေဆုံးနိုင်ခြေ အလားအလာ ရှိနေတာကို တွေ့ရပါတယ်။ ရောဂါက တဖြည်းဖြည်း Grade မြင့်လာတဲ့ အခါမျိုးဆိုရင် လူအများ သိထားတဲ့ ကော်ဖီရောင် အန်တာမျိုး၊ သွေးယိုစီးမှု လက္ခဏာတွေပြတာ၊ ဝမ်းမည်းမည်း သွားတာမျိုးတွေ ဆိုရင်တော့ ဆေးရုံကို မဖြစ်မနေ ပို့ဖို့လိုပါတယ်။ နောက်ပိုင်းမှာ သွေးလန့်တဲ့ လက္ခဏာတွေ ပေါ်လာတယ် ဆိုရင်တော့ အရမ်း အရေးကြီးတဲ့ အခြေအနေကို ရောက်သွားပြီး အချိန်မီ ဆေးရုံ ရောက်လာဖို့ လိုပါတယ်။ အဓိက မှတ်ထားဖို့လိုတဲ့ ရောဂါ လက္ခဏာတွေက နှစ်ရက်က ခုနစ်ရက်အတွင်း အပြင်းဖျားတာ၊ ပျို့အန်တာ၊ ကိုယ်ခန္ဓာမှာ အနီစက်တွေ ထွက်တာ၊ ဖျားနေတဲ့ သုံးရက်က ငါးရက်အတွင်း သွေးလန့်တဲ့ လက္ခဏာတွေ ပေါ်တတ်တဲ့အတွက် ဒါတွေကို မှတ်သားထားဖို့ လိုပါတယ်။ နောက်ပြီး လူနာက ဖျားရာကနေ ရုတ်တရက် အဖျားကျတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်တာ၊ အဖျားကျပေမယ့် ကလေးက ကစားခြင်း၊ ကစားခြင်း မရှိဘဲ မှိန်းနေတာ ဒါမှမဟုတ် ဂနာမငြိမ် ဖြစ်နေတာ၊ မကြာခဏ အော့အန်တာ၊ အန်တဲ့အရည်မှာ ကော်ဖီရောင်လို အညိုရောင် အဖတ်အမျှင်တွေ ပါလာတာမျိုး ဆိုရင်တော့ ဒါဟာ သွေးလွန်တဲ့ လက္ခဏာမျိုးတွေ ဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံး သွားဖို့ လိုအပ်ပါတယ်။မေး - ဖြစ်ပွားမှု များတတ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ အတွင်းမှာ ဘယ်လို အစီအစဉ်တွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။ ဒီနှစ်အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နှင်းရေးအတွက် ညွှန်ကြားချက် အသစ် ထုတ်ပြန်ထားတာများ ရှိပါသလား။ဖြေ - ဒီနှစ်မှာ အခြေခံ ပညာကျောင်းတွေမှာ ကြိုတင် ကာကွယ်ရေးနဲ့ အသိပညာပေး လုပ်ငန်းတွေကို အဓိကထားပြီး လုပ်နေပါတယ်။ ရောဂါ ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာရှိတဲ့ အခြေခံ ပညာကျောင်းတွေမှာ စနစ်တကျ လုပ်ဆောင်ဖို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဇွန် ၁ ရက်က ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ညွှန်ကြားချက်ထဲမှာ ကျောင်းတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေကို ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်တဲ့ အဖွဲ့တွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အပတ်စဉ် ဆောင်ရွက်ပေးဖို့၊ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်တဲ့ ရေသိုလှောင်တဲ့ အိုးခွက်တွေ၊ ရေတင်ကျန်နိုင်သော စွန့်ပစ်ထားတဲ့ ပုလင်းခွံ၊ ဘူးခွံ၊ အုန်းမှုတ်ခွက် စတာတွေ ရေတင်ကျန်နိုင်သော သစ်ငုတ်၊ ဝါးငုတ်စတာတွေ မရှိရအောင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှု အနေနဲ့ ဆောင်ရွက်ဖို့၊ ရေစီးရေလာ ကောင်းမွန်ရေးကိုပါ ထည့်သွင်း ဆောင်ရွက်ဖို့၊ ကျောင်းတွေမှာ အပတ်စဉ် Dry Day ပြုလုပ်ဖို့၊ ကျောင်းဖွင့်တဲ့ အချိန်ကစပြီး ကျောင်းတွေမှာ ဆေးမှုတ်တာ၊ Fever Surveillance နဲ့ Reporting system တွေ ထူထောင်ဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ ဒါတွေကို ဒီနှစ်မှာ လုပ်ဆောင်သွားမှာပါ။မေး - သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်း ပုဂ္ဂလိက ဆေးရုံတွေမှာ တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ အချက်အလက်တွေကိုလည်း ကောက်ခံနေတယ်လို့ သိရတဲ့အတွက် ဒီကောက်ခံမှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။ဖြေ - အရင်ကဆိုရင် ကျွန်မတို့ တိုင်းဒေသကြီး အနေနဲ့ လူနာတွေရဲ့ ရောဂါဖြစ်နှုန်းနဲ့ ပတ်သက်လို့ အချက်အလက်တွေ ကောက်ယူတဲ့ နေရာမှာ ပြည်သူ့ ဆေးရုံတွေမှာ တက်ရောက် ကုသခဲ့တဲ့ လူနာစာရင်းကိုပဲ ကောက်ယူခဲ့ပါတယ်။ အဲဒီလို ကောက်ယူခဲ့တဲ့ အတွက် တစ်ပြည်လုံးဖြစ်နှုန်း ဘယ်လောက် ရှိသလဲဆိုတာ တိတိကျကျ မရရှိခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစပြီး ပြည်သူ့ ဆေးရုံတွေအပြင် ပုဂ္ဂလိက ဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးကြောင့် တက်ရောက် ကုသခဲ့တဲ့ လူနာစာရင်း မှတ်တမ်းတွေကို ကောက်ခံခဲ့ပါတယ်။ အခုနှစ်လည်း ပုဂ္ဂလိက ဆေးရုံတွေမှာ တက်ရောက် ကုသနေတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး နေ့စဉ် သတင်းပို့တဲ့ စနစ်ကို လုပ်ထားပါတယ်။ တချို့ လူနာတွေဆိုရင် ပုဂ္ဂလိက ဆေးရုံကနေ အစိုးရ ဆေးရုံကို လွှဲပြောင်း ကုသရတာမျိုးတွေလည်း ရှိပါတယ်။ အဲဒါမျိုး ဆိုရင်တော့ ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့ သူတို့ အစီအစဉ်နဲ့ သူတို့ပဲ ဆောင်ရွက်ပါတယ်။ လာတဲ့ လူနာတိုင်းကိုတော့ ပြည်သူ့ဆေးရုံတွေက လက်ခံ ကုသပေးနေပါတယ်။
ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တွေ့ဆုံခြင်း