၂၀၁၆ ခုနှစ် မေလကုန်အထိ တစ်နိုင်ငံလုံးတွင် ခရီးသွား ကုမ္ပဏီနှင့် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် စုစုပေါင်း ၂၆၆၅ ခု ရှိလာ

၂၀၁၆ ခုနှစ် မေလကုန်အထိ တစ်နိုင်ငံလုံးတွင် ခရီးသွား ကုမ္ပဏီနှင့် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် စုစုပေါင်း ၂၆၆၅ ခု ရှိလာ
Published 11 June 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

၂၀၁၆ ခုနှစ် မေလကုန်အထိ တစ်နိုင်ငံလုံးတွင် ခရီးသွားလုပ်ငန်း လိုင်စင်နှင့် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် စုစုပေါင်း ၂၆၆၅ ခုအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်၍ ခရီးသွား ကုမ္ပဏီ လုပ်ကိုင်ခွင့် လိုင်စင်များကို ထုတ်ပေးနေပြီး ၂၀၁၆ ခုနှစ် မေလကုန်အထိ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်မှာ နိုင်ငံခြားသား ကုမ္ပဏီ တစ်ခု၊ နိုင်ငံခြားသားနှင့် နိုင်ငံသား ဖက်စပ် ၃၉ ခုနှင့် နိုင်ငံသားပိုင် ကုမ္ပဏီ၂၀၈၉ ခု စုစုပေါင်း ၂၁၂၉ ခုရှိကြောင်း သိရသည်။ထို့ပြင် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် အနေဖြင့် ၂၀၁၆ ခုနှစ် မေလကုန်အထိ ၅၃၆ ခုရှိပြီး ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၉၄၀၊ ဒေသခံ ဧည့်လမ်းညွှန်လိုင်စင် ၂၃၆၉ ခုတို့ကိုလည်း လိုင်စင်ချပေးထားကြောင်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စ၍ ပြည်ပပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (Outbound Tour) ကို စတင် ခွင့်ပြုပေးခဲ့ရာ ၂၀၁၆ ခုနှစ် ဇွန် ၄ ရက်အထိ စုစုပေါင်း လိုင်စင် ၂၁၁ ခု ရှိလာပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ဆက်လက် ပြောကြားသည်။ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် အရေအတွက်မှာ လအလိုက် မြင့်တက်လျက် ရှိပြီး လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များလည်း များပြားလာကြောင်း သိရသည်။ဟိုတယ်များအား လအလိုက် တိုးမြင့်နေခြင်းနှင့် မြန်မာနိုင်ငံ ခရီးသွား ပင်မ စီမံကိန်းကို အကောင်အထည် ဖော်နေခြင်းအတွက် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ်များထက် ပိုမို ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။၂၀၁၆ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၁ ဒသမ ၅ သန်း ဝင်ရောက်ထားပြီး ယခင်နှစ် ကာလတူထက် လေးရာခိုင်နှုန်း တိုးတက် ဝင်ရောက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လူဦးရေ အဝင်စာရင်းများအရ သိရသည်။၂၀၁၁ ခုနှစ်မှစ၍ တိုးတက်လာသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အတွက် အဆင်ပြေစွာ တည်းခိုနိုင်ရန် ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြသည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင် ခွင့်ပြုချက်များကို ပြန်လည် သုံးသပ်၍ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent