ပီမိုးနင်းနှင့် စာနယ်ဇင်း

ပီမိုးနင်းနှင့် စာနယ်ဇင်း
Published 11 June 2016
မြေနီသစ္စာ

မြန်မာ စာပေလောကတွင် စီခြယ်ရေးသား သီကုံးရာမှာ သရဖူ ဆောင်းခဲ့သူ စာရေးဆရာကြီး ပီမိုးနင်းကို သတင်းစာ ဆရာကြီး တစ်ဦး အဖြစ်နှင့် အမြင်ဝေးနေကြသည်။ 
■ မြန်မာ့အလင်း အစစင်စစ် ဆရာကြီး ပီမိုးနင်းသည် ယနေ့ထက်တိုင် နေ့စဉ် ထုတ်ဝေနေသော မြန်မာ့အလင်း သတင်းစာကို ဦးရွှေကြူးနှင့်အတူ စတင် တည်ထောင်ခဲ့သူဖြစ်သည်။ ယင်းကို ဆရာကြီးက ဤသို့ ရေးသားခဲ့သည်။“ထိုအခါက ဂျာမန်သင်္ဘော အင်မဒင်သည် ဘင်္ဂလား ပင်လယ်အော်ထဲ၌ သောင်းကျန်းနေသောအခါ ဖြစ်လေသည်။ မြန်မာပြည်သူ ပြည်သားတို့သည် စစ်သတင်းနှင့် ထိုအင်မဒင် သင်္ဘော၏ အကြောင်း များစွာ သိလိုကြပေရာ စစ်သတင်းများကို အထူးတလည် ပြောဆိုကြခြင်း၊ စစ်သတင်းများမိသည့် သတင်းစာတို့ကို စောင့်မျှော်နေခြင်းတို့ကို တွေ့ရသည့်အတွက် စစ်သတင်းများ ထည့်ကာ နေ့စဉ် သတင်းစာ ထုတ်၍ ရောင်းရပါက များစွာ အကျိုးဖြစ်ထွန်းမည်ကို တွေးတောပါသည့်အလျှောက် နေ့စဉ် သတင်းစာ ထုတ်ေ၀ ရောင်းချရန် ဦးရွှေကြူးအား တိုက်တွန်းနှိုးဆော် ခဲ့လေသည်။ဦးရွှေကြူးသည် ကျွန်ုပ်၏ တိုက်တွန်းနှိုးဆော်ချက်အရ နေ့စဉ်သတင်းစာကို မြန်မာ့အလင်း အမည်ဖြင့် ထုတ်ဝေခဲ့လေသည်။ ကျွန်ုပ်သည် သူရိယမှာ အလုပ်လုပ်စဉ်ကထက် စစ်ကြေးနန်း သတင်းများကို အထူးကြိုးစားကာ ကောင်းသည်ထက် ကောင်းအောင် စုံသည်ထက် စုံအောင် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာတွင် ရေးသားလေသည်။ မြန်မာ့အလင်း သတင်းစာသည်လည်း နာမည် တစ်ခါတည်း ကျော်ကြားလာကာ ထိုအခါက စ၍ ယခုထက်တိုင်အောင် ကျော်ကြား ကြီးပွားခဲ့လေသည်။ 
■ လက်စွမ်းပြပီမိုးနင်းသည် မြန်မာ့အလင်း သတင်းစာ တစ်စောင်လုံးကို သူတစ်ယောက်တည်း ဘာသာပြန်သည်။ သူတစ်ယောက်တည်း ခေါင်းတပ်သည်။ သူတစ်ယောက်တည်း တည်းဖြတ်သည်။ သူစာမျက်နှာ အနေအထား ချပေးသည့်အတိုင်း ဖိုမင်ဆရာကြီး ဦးတိုးက ဆောင်ရွက်ပေးသည်။ ဦးရွှေကြူးကိုလည်း သတင်းစာဖောင်များကို လက်ထပ် သင်ကြားပေးသည်။ ယင်းနည်းအားဖြင့် မြန်မာ့ဘက်သည် စာဖတ်သူတို့ မျက်မှောက်သို့ ရောက်ရှိခဲ့ခြင်းပင်။အောင်မြင်ကျော်ကြားသော ယင်းမြန်မာ့အလင်းဘက် သတင်းစာသည်ပင် ပီမိုးနင်း၏ စာအုပ်ကြော်ငြာ တစ်ခုကြောင့် ပိတ်ခံခဲ့ရသည်။ ယင်းမှာ ဦးရွှေကြူး ဂျပန်သို့ ထွက်သွားသည်။ မြန်မာ့အလင်း ပိတ်ထားရ၍ သူရိယ သတင်းစာသို့ ပီမိုးနင်း ပြန်ရောက်သည်။ မြန်မာ့အလင်းတွင် အစွမ်းပြခဲ့သော အရှိန်ကြောင့်ပင် လက်ထောက် အယ်ဒီတာအဖြစ် သူရိယတွင် ပီမိုးနင်း ခြေပြန်ချခွင့် ရသည်။ ယင်းမှာ သူရိယတွင် သတင်းစာ အာဘော်၊ ခေါင်းကြီးများ ရေးသည်။ ကြွက်စုတ်ပင်တိုင် အခန်းကိုလည်း ရေးပေးရသည်။ 
■ ခေါင်းကြီး အရေးကောင်းသူသူရိယတွင် ပီမိုးနင်း၏ ခေါင်းကြီး အရေးအသားကို ဆရာကြီး ရွှေဥဒေါင်းက ဤသို့ ချီးကျူး ဖော်ပြခဲ့သည်။ ပီမိုးနင်းကား နေ့စဉ် သတင်းစာဘက်တွင် လက်ထောက် အယ်ဒီတာ တစ်ယောက်ဖြစ်၍ ဦးဘကလေး၏ လက်အောက်၌ ခေါင်းကြီးများ ရေးသော တာဝန်ကို ယူရလေသည်။ သူရိယ ခေါင်းကြီးများကို ဖတ်ခဲ့ရာ ၎င်းတို့မှာ ကိုကျော် (ပီမိုးနင်း)၏ လက်ရာဖြစ်ကြောင်း သိရ၍ ချီးကျူးပါကြောင်း။ မိမိမှာ ဝတ္ထုနှစ်ပုဒ် ရေးခဲ့ဖူးသော်လည်း သတင်းစာ ခေါင်းကြီးများ ရေးဖို့ဆိုလျှင် အိပ်မက်မျှပင် မမက်မိကြောင်း။ 
■ ရွှေဥဒေါင်း တစ်သက်တာ မှတ်တမ်းနှင့် ဘ၀ အတွေ့အကြုံများသူရိယတွင် သတင်းစာဆရာ ဘဝဖြင့် ခြေချနေသော်လည်း မပျော်ပိုက်ဘဲ ရှိလာ၍ ယေရူခရစ်ကျောင်း တစ်ကျောင်းတွင် လက်တင်စာပြဆရာ သွားလုပ်သည်။ ယင်းအလုပ်မှာလည်း သူမမွေ့လျော်။ သတင်းစာဆရာ စာရေးဆရာ ဘဝကို သူပြန်လှမ်းသည်။ သူ့မိတ်ဆွေ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အကူအညီဖြင့် ပညာအလင်း မဂ္ဂဇင်းသို့ ပီမိုးနင်း ရောက်သည်။ 
■ ပညာ့ အလင်းမှာပညာ့အလင်းမှာ ဝတ္ထုလည်း ရေးသည်။ ပင်တိုင် အခန်းပေါင်း အများအပြားမှာလည်း ကျရာ ကြုံရာကို ကြိုးကြိုးစားစား ရေးပေးသည်။ ယင်းမှာ ပီမိုးနင်းအတွက် အခါသင့် အခွင့်သာလာသည်မှာ ပညာ့အလင်းက သတင်းစာ ထွက်လာခြင်းပင်။ သူ၏ သတင်းစာဆရာ ဘဝကို ပညာ့အလင်းတွင် မြှုပ်နှံ၍ သူ၏ ပွဲစားကြီး သားအဖနှင့် မြမြ၊ နေရီရီ၊ နေညိုညို စသော ဝတ္ထုများလည်း ပညာ့အလင်းက ထွက်လာတော့သည်။ 
■ ပညာ့အလင်းက ပိုက်ဆံကြီးပညာ့အလင်းတွင် ပီမိုးနင်းသည် ပိုက်ဆံကြီး အခန်းကို ပင်တိုင်ရေးသည်။ ဒီကလောင်နာမည်ကို သူယူတဲ့ သဘောကတော့ ပိုက်ဆံဆိုတာ လမ်းများတယ်။ လမ်းများတော့ အကြားအမြင် များတယ်။ အကြားအမြင် များတာဟာ မျက်စိကြီး၊ နားကြီး ရှိစေတယ်။ ဒါ့ကြောင့် ခရီးသွားဟန်လွှဲသူတွေ မြင်ကြားသိတာတွေ ဒီနေရာက တင်ပြမယ်လို့ ၂၇-၆-၁၉၁၈ နေ့ လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်က ရေးသားခဲ့ဟု လူထုဒေါ်အမာက ပညာ့အလင်းက ပိုက်ဆံကြီးတွင် ဆောင်းပါး ဖော်ပြထားပါသည်။ 
■ လူထု ဒေါ်အမာ“၁၉၁၈ ဟာ ပထမ ကမ္ဘာစစ်ကြီး ဖြစ်နေတဲ့ ကာလ အဲဒီကာလ ဗမာပြည်က ကမ္ဘာ့စစ်ဒဏ်ကြောင့် နိုင်ငံခြားက လာမှ ဝယ်ခြမ်း သုံးစွဲရတဲ့ ကုန်ပစ္စည်းတွေကိုတော့ အစိုးရက စစ်အတွင်းမို့ နိုင်ငံခြား တိုင်းပြည်တွေက အဝင်အထွက် များတာနဲ့ လူသေတဲ့ထိ ဆိုးရွား ပြင်းထန်တဲ့ တုပ်ကွေးရောဂါက မြို့နေ လူတန်းစားကို အကြီးအကျယ် နှိပ်စက်တယ်။ ဗမာတွေက အတိတ်တွေ တဘောင်တွေကို ယုံကြည်တုန်း စီးပွားရေးမှာ လုံးလုံး အမြင်မရှိဘူး။ အသုံးအဖြုန်းမှာသာ စိတ်ကြီးဝင်ဝင်နဲ့ လုံးပန်းနေကြချိန်မှာ ပိုက်ဆံကြီးက လမ်းလွှဲနေသမျှတွေကို သူ့ကလောင်နဲ့ ညွှန်ပြရင်း သရော်သင့်တာကို သရော် ဆော်သင့်တာတွေကို ဆော်ပြီး လမ်းမှန်ရောက်အောင် ထောက်ပြတဲ့ အရေးအသားမျိုးတွေ ရေးသားပါတယ်” ဟု လူထုဒေါ်အမာက ပိုက်ဆံကြီး အခန်းကဏ္ဍကို ယင်းသို့ မှတ်တမ်းတင်ထားပါသည်။ပိုက်ဆံကြီးသည် ပီမိုးနင်း၏ သတင်းစာဆရာ ဘဝတွင် မှတ်တိုင်တစ်ခု ဖြစ်သည်။ အရေး သွက်သည်။ ရွှင်သည်။ ဟာသပါသည်။ ဒိုးဒိုးဒေါက်ဒေါက်နှင့် မထိတထိ ကလိသည်။ သရော်ဟန်တွေကို လှိုင်လှိုင် တွေ့ရသည်။ အတိတ်တဘောင်တွေမှာ နစ်နေရှာသူတို့ကို သူ့ပညာ ပေးချင်သည်။ ယင်းကြောင့် (၁) တပေါင်အတိတ်၊ နှုတ်မဆိတ်၊ ရူးရိပ်ပေါ်သည်မှတ်။ (၂) တဘောင်စကား ရွတ်ပါများ၊ ဝမ်းခါးရော့မည်မှတ်။ (၃) တဘောင်သံကြွေး ကြပ်ကြပ်ပေး၊ မင်းဘေးသင့်မည်မှတ်။ (၄) တဘောင်ယုံစွဲ အလုပ်နဲ၊ မယားဆဲမည်မှတ်။ (၅) တဘောင်ကိန်းကြိမ်းနား၌မြိန်၊ လူလိမ်ထိမည် မှတ်။ ဟူ၍ ၅-၁၁-၁၉၁၈ နေ့ထုတ် ပညာ့အလင်းမှာ သူပညာပေး ရေးထားသည်ကလည်း ထိမိလှ၏။ 
■ ဗန္ဓုလက ပေါက်ဆိန်၁၉၂၂ ခုနှစ်တွင် ဗန္ဓုလ ဂျာနယ်တိုက်သို့ ပီမိုးနင်း ရောက်သည်။ ဝတ္ထုလည်း ရေးရင်း သတင်းစာဆရာ ဘဝဖြင့် ပီမိုးနင်း ရောက်သွားခြင်းပင်။ ဗန္ဓုလ ဂျာနယ်သည် နိုင်ငံရေးအရ မူလ ဂျီစီဘီအေကို ထောက်ခံသည်။ ဂျီစီဘီအေ အစသည် ဝိုင်အမ်ဘီအေဖြစ်သည်။ ဝိုင်အမ်ဘီအေတွင် နိုင်ငံရေး မပါသေး။ အမျိုးဘာသာ သာသနာ စာပေကိုသာ ဦးတည်သည်။ ဝိုင်အမ်ဘီအေကို ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင်တို့က လှုံ့ဆော်တည်ထောင် ခဲ့သည်။ ဝိုင်အမ်ဘီအေ ဘဝတုန်းက ဘိလပ်သွား ကိုယ်စားလှယ် ဘဝဖြင့် ဒိုင်အာခီ အုပ်ချုပ်ရေးကို အရေးဆိုခဲ့သည်။ ထိုမှ ဝိုင်အေဘီအေလို အသင်းတွေ ပူးပေါင်းကြသည်။ စုစည်းကြသည်။ ယင်းကနေ၍ ဂျီစီဘီအေ (General Council of Burmese Association) မြန်မာ အသင်းချုပ်ကြီး ဖြစ်လာသည်။ ဗြိတိသျှ အစိုးရ၏ ဒိုင်အာခီ အုပ်ချုပ်ရေးကို သပိတ်မှောက်သည်။ ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဦးတည်သည်။ ဗြိတိသျှနှင့် ပေါင်းလိုသော လွှတ်တော်ထဲတွင် နေရာယူလိုကြသော ဦးဘဖေ၊ ဦးသိန်းမောင်၊ ဦးမောင်ကြီး (၂၁) ဦးသည် ဂျီစီဘီအေ (GCBA) ထဲက ခွဲထွက်သွားသည်။ မူလ GCBA သည် ဗြိတိသျှ အစိုးရနှင့် မပူးပေါင်းရေးကိုသာ ရပ်တည်သည်။ ယင်းမူလ ဂျီဒီဘီအေဘက်က ဗန္ဓုလဂျာနယ် ရပ်သည်။ဗန္ဓုလ ဂျာနယ်တွင် ခေါင်းကြီးပိုင်းပြုတ်စ ဗြင်းတောင်း၊ ငလက်တိုနှင့် ငညို၊ ရာဇဝင်ညွှန့်ပေါင်း သတင်းပေါင်းချုပ် စိန်ကလောင်း ကမ္ဘာ့အရှုပ်တော်ပုံ မစ္စတာတင်းပုတ်၊ ဝတ္ထုရှည်၊ ကမ္ဘာ့မင်တံ အခန်းတို့ ပါသည်။ပီမိုးနင်းသည် ခေါင်းကြီးပိုင်းကို တစ်ခါတရံ ရေးသလို ကမ္ဘာ့အရှုပ်တော်ပုံ၊ ကမ္ဘာ့မင်တံနှင့် သတင်းပေါင်းချုပ်တို့ကို ပင်တိုင်ရေးသည်။ ပေါက်ဆိန်ဟူသော ကလောင်အမည်ကို ၁၉၂၂ ခုနှစ်ကပင် ဗန္ဓုလတွင် စတင်သုံးစွဲသည်။ ပေါင်ဆိန်ကလောင် အမည်ဖြင့် သတင်းစာဆရာ ပီမိုးနင်း၏ လက်သံပြောင်သော ပင်တိုင်ဆောင်းပါးအဖြစ် ထင်ဟပ်စေခဲ့သည်။

Most Read

Most Recent