ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇွန် ၇ ရက် ညနေပိုင်းက တောင်ငူမြို့ အခြေခံ အမှတ် (၁) ပညာအထက်တန်းကျောင်းမှ နဝမတန်း ကျောင်းသား အချင်းချင်း ဓားထိုးမှု တစ်ခု ဖြစ်ပွားခဲ့ပြီး မြို့ပေါ် ရပ်ကွက်များတွင် အ.ထ.က ကျောင်းများမှ ကျောင်းသားလူငယ်များ ပါဝင်သည့် ဂိုဏ်းအဖွဲ့ လှုပ်ရှားမှုများ ရှိနေသဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။တောင်ငူ အ.ထ.က (၁) မှ နဝမတန်း ကျောင်းသား အချင်းချင်း ဓားထိုးမှု ဖြစ်စဉ်မှာ ဇွန် ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က တောင်ငူမြို့ (၁၉) ရပ်ကွက် အ.ထ.က (၁) နဝမတန်း (F) ခန်း အခန်းပိုင် ဆရာမ ဒေါ်မြတ်မာလာ၏ အခန်းတွင် ကျောင်းသားများ အခန်းသန့်ရှင်းရေး ဆောင်ရွက်နေစဉ် ခန့်သူအောင် (၁၆ နှစ်)၊ အမှတ်(၁၇/၁၁၆) ရတနာလမ်း ၁၇ ရပ်ကွက် နေသူနှင့် ပြည့်ဖြိုးအောင် (၁၆ နှစ်) ၁၈ ရပ်ကွက်နေသူတို့ နှစ်ဦး စကားများ ရန်ဖြစ်ကြရာ ခန့်သူအောင်မှ ပြည့်ဖြိုးအောင်အား အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးခဲ့၍ ပြည့်ဖြိုးအောင်တွင် ဝဲဘက်လက်မောင်း ပြတ်ရှ၊ ဝဲကျောဘက် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူမြို့ အမှတ် (၁) နယ်မြေရဲစခန်းမှ စခန်းမှူးက “အခုချိန် အထိတော့ အမှု လာမဖွင့်သေးဘူးဗျ။ ဒီနေ့ မြို့နယ် ပညာရေးမှူးရုံးမှာ နှစ်ဖက် မိဘတွေကို ခေါ်ထားတယ်။ ကလေးတွေရော၊ သူတို့ ကျောင်းမှာပေါ့။ ကလေးကတော့ ကျွန်တော်တို့ သွားကြည့်တာကတော့ သက်သာပါတယ်။ စကားလည်း ပြောနိုင်ပါတယ်။ အမှုဖွင့်တာ မရှိသေးပါဘူး” ဟု ဇွန် ၈ ရက် နေ့လယ် ၁၂ နာရီခန့်က ပြောကြားသည်။ “ပြီးခဲ့တဲ့ တစ်လလောက်ကလည်း ည ၁၁ နာရီ ကျော်ကျော်လောက်က ကျွန်မတို့လမ်းမှာ သောင်းကျန်းကြတာ။ အဲဒီလို သောင်းကျန်းတော့ ရပ်ကွက်လမ်းထဲက ကိုမောင်ခိုင် ထွက်တယ်။ ဗိုက်ပူ ထွက်တယ်။ ရပ်ကွက် ဥက္ကဋ္ဌ ကိုစိုင်းဆိုတာ ထွက်တယ်။ ဝိုင်တူးကေက ကိုမျိုးဆိုတာ ထွက်တယ်။ မင်းတို့ သူများ ရပ်ကွက်ထဲ လာပြီး ဘာလို့ သောင်းကျန်းနေတာ တုန်းလို့ အော်လိုက်တော့မှ အကုန်လုံး ထွက်ပြေးကုန်တာ။ ကျောင်းသားတွေ ၁၃ နှစ် ၁၄ နှစ်ပတ်ဝန်းကျင် ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်း အရွယ်တွေ အင်အား ၅၀ ကျော်လောက် ရှိတယ်။ ကျွန်မ သားဆီကို ကောင်လေးတွေက ပိုက်ဆံ လာလာတောင်းတယ်။ ၅၀၀ တို့ ၁၀၀၀ တို့၊ ၁၅၀၀ တို့ လာတောင်းတယ်။ ကျောင်းသား အချင်းချင်း ပိုက်ဆံပေးရတာ။ အဲဒီ ကောင်လေးက ကန်လမ်းကျောင်းက မီးရထားလိုင်းက ကိုးတန်းကျောင်း ဘီတန်းက စူပါကပ် စီးတယ်။ ဆံပင်က နီကြောင်ကြောင်နဲ့ နောက်တစ်ယောက်က အသားမည်းမည်းနဲ့ စနေ၊ တနင်္ဂနွေကျရင် လာခေါ်တယ်” ဟု တောင်ငူမြို့ (၅) ရပ်ကွက် ဦးပန်းဖြူလမ်းနေ နဝမတန်း ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
တောင်ငူမြို့ အ.ထ.က(၁) တွင် နဝမတန်း ကျောင်းသား အချင်းချင်း ဓားထိုးမှု ဖြစ်ပွားခဲ့
Most Read
Most Recent
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago
1 hour ago