ရှယ်ယာဈေး ကစားသူများအား အရေးယူမည့် ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်း စတော့ဈေးကွက်အတွင်း ရှယ်ယာဈေး ငြိမ်နေ

ရှယ်ယာဈေး ကစားသူများအား အရေးယူမည့် ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်း စတော့ဈေးကွက်အတွင်း ရှယ်ယာဈေး ငြိမ်နေ
Published 8 June 2016
အေးမြတ်မွန်

ရှယ်ယာဈေး ကစားသူများအား အရေးယူမည့် ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်း စတော့ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ အတက်အကျ ကြမ်းသည့်ဘက် မရောက်ဘဲ ဈေးငြိမ်နေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ဇွန် ၁ ရက်တွင် ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်း ကမောက်ကမ ဖြစ်စေရန် ဈေးကစားနေသူများအား အရေးယူမည့် ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ရှယ်ယာဈေးနှုန်းများ ငြိမ်နေခြင်းဖြစ်ကြောင်း  သိရသည်။ဈေးကွက်အတွင်း ရောင်းချနေသည့် သီလဝါ ရှယ်ယာဈေးနှုန်းများမှာ ဇွန် ၇ ရက်တွင် ကျပ် ၅၇၀၀၀ နှင့် ဇွန် ၈ ရက်တွင် ကျပ် ၅၆၀၀၀ ပေါက်ဈေး ရှိနေသောကြောင့် ဈေးနှုန်းများမှာ အကျဈေးဖြင့်သာ ရှိနေပြီး ရှယ်ယာ အရောင်းအဝယ် အရေအတွက်မှာ လျော့နည်းနေကြောင်း သိရသည်။အလားတူပင် FMI ၏ ရှယ်ယာဈေးနှုန်းများမှာလည်း ဇွန် ၂ ရက်တွင် ကျပ် ၂၆၀၀၀၊ ဇွန် ၃ ရက်တွင် ကျပ်၂၇၀၀၀၊ ဇွန် ၆ ရက်တွင် ကျပ် ၂၆၅၀၀၊ ဇွန် ၇ ရက်တွင် ကျပ်၂၆၀၀၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ ဈေးနှုန်း ငြိမ်နေကြောင်း သိရသည်။“ဈေးကွက်ထဲမှာ ရှယ်ယာဝင် ကုမ္ပဏီ နှစ်ခုလုံးမှာ FMI ဆိုရင် ဝယ်သင့်တဲ့ အနေအထား တစ်ခုကို ရောက်နေပြီ။ သူ့ဈေးက ငြိမ်နေပြီလို့ ပြောလို့ ရတယ်။ သီလဝါကတော့ စောင့်ကြည့်လို့ရတဲ့ အနေအထား ရောက်နေပြီ။ ဒါပေမဲ့ သူကလည်း အများဆုံး တက်မယ်၊ ကျမယ်ဆိုရင် တစ်ထောင်၊ နှစ်ထောင် ဝန်းကျင်လောက် ဆိုတော့ ရှယ်ယာ လာကစားနေတာ မဟုတ်ဘဲ ဝယ်မယ် ဆိုရင်တော့ ဒီဈေးက သိပ်အပြောင်းအလဲ ရှိနိုင်မှာ မဟုတ်တော့ ဝယ်လို့ရတဲ့ အနေအထားမှာတော့ ရှိတယ်” ဟု ရန်ကုန်စတော့ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောကြားသည်။