ပြည်ထောင်စု ဝန်ကြီးနှစ်ဦး အပါအဝင် ဌာနဆိုင်ရာပုဂ္ဂိုလ် အများစုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖွဲ့စည်း

ပြည်ထောင်စု ဝန်ကြီးနှစ်ဦး အပါအဝင် ဌာနဆိုင်ရာပုဂ္ဂိုလ် အများစုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖွဲ့စည်း
Published 8 June 2016
မင်းသီဟဇော်

ပြည်ထောင်စု ဝန်ကြီးနှစ်ဦးနှင့် အစိုးရ ဌာနဆိုင်ရာ ပုဂ္ဂိုလ် အများစုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဇွန် ၈ ရက်က ဖော်ပြထားချက်အရ သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဇွန် ၇ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးများ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။ ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဌေးချွန်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်တို့ ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တွဲဖက် အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်မြသူဇာက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။လက်ရှိ အစိုးရ တက်ပြီး နှစ်လကျော် အကြာမှသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နှစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခြင်း မရှိသည့်အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုနိုင်ခြင်း မရှိခဲ့ပေ။ဦးသိန်းစိန် အစိုးရ လက်ထက် နောက်ဆုံး ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဆောင်ရွက်ခဲ့ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ အပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ခုကို ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်း၏ ကော်မရှင် ဖွဲ့စည်းခြင်း၊ အဆင့်အတန်းနှင့် ရပိုင်ခွင့်များ အခန်းတွင် အစိုးရ အဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အဖွဲ့ဝင် ကိုးဦးနှင့် အထက် ‘မ’ ဂဏန်း အရေအတွက်ဖြင့် ဖွဲ့စည်း တည်ထောင်ရမည် ဖြစ်ကြောင်း၊ ကော်မရှင် ဖွဲ့ရာတွင် နိုင်ငံတော် သမ္မတက ရွေးချယ် အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ် တာဝန်ပေးမည့် ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင်များ အဖြစ် အစိုးရ အဖွဲ့က ခန့်အပ် တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာ သမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သော ပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံး အကြီးအမှူး ဖြစ်သည့် အတွင်းရေးမှူး တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

Most Read

Most Recent