လက်ရှိ ဘဏ္ဍာနှစ် နှစ်လ နီးပါးအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ITC ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၇၂၇ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ကန်ပိုက်တီး စခန်းမှ အများဆုံး ကုန်သွယ်ခဲ့

လက်ရှိ ဘဏ္ဍာနှစ် နှစ်လ နီးပါးအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ITC ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၇၂၇ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ကန်ပိုက်တီး စခန်းမှ အများဆုံး ကုန်သွယ်ခဲ့
Published 4 June 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၀ ရက်အထိ နှစ်လနီးပါးအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (Individual Trading Card-ITC) ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၇၂၇ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကျပ် ၃၀၇ သန်းကျော်ဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခုနှစ် နှစ်လနီးပါးအတွင်း ITC ကတ်ဖြင့် ပို့ကုန် ကဏ္ဍမှ ကျပ် ၁၀၆ သန်းကျော် ရှိပြီး သွင်းကုန် ကဏ္ဍမှ ကျပ် ၆၂၁ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ကာ စုစုပေါင်း ကျပ် ၇၂၇ သန်းကျော် ရရှိထားခြင်း ဖြစ်သည်။အဆိုပါ ပမာဏတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကျပ် ၁၄၄ သန်းကျော်၊ ရိဒ်နယ်စပ် စခန်းမှ ကျပ်သန်း ၁၂၀ ကျော်၊ မူဆယ်နယ်စပ်မှ ၇၃ သန်းကျော် ဆောင်ရွက်နိုင်ခဲ့သည်။ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ၁၅ သန်းကျော်၊ တာချီလိတ်နယ်စပ် စခန်းမှ ၄၁ သန်းကျော်၊ မောတောင်နယ်စပ်မှ ၂၃ သန်းကျော်နှင့် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကျပ် ၁၉ သိန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်သည်။ကုန်သွယ်ရေး ဦးစီးဌာန၊ ကုန်သွယ်ရေး စခန်းများတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ITC ကတ် ၂၉၂ ကတ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ITC ကတ် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ITC ကတ် ၃၁၅ ကတ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ITC ကတ် ၁၄၆ ကတ်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၀ ရက်အထိ ITC ကတ် သုံးကတ်ဖြင့် စုစုပေါင်း ၁၀၁၇ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်ရေး စခန်းများနှင့် ပို့ကုန်သွင်းကုန် ရုံးများတွင် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် (ITC) ကတ်ဖြင့် လုပ်ငန်းရှင် တစ်ဦးလျှင် တစ်ရက်သိန်း ၃၀ နှုန်းဖြင့် ငါးရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း ၁၅၀ အထိ တိုးမြှင့် ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း မေလအတွင်းက သတင်းထုတ်ပြန်ထားသည်။ယင်းသို့ ဆောင်ရွက်ခွင့်ပြုရာ၌ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နေထိုင်သူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း နေထိုင်သူများအား မန္တလေး ပို့ကုန်သွင်းကုန်ရုံးနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တို့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ITC မှတ်ပုံတင်ခြင်း ITC ဖြင့် လိုင်စင်ခွင့်ပြုခြင်းများအား ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။    မြန်မာနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများင့် ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုရှိပြီး မူဆယ်နှင့် မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းမှာ ကုန်သွယ်မှု ပြုလုပ်မှု အများဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖြစ်သည်။ 

Most Read

Most Recent