ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက် အနေအထားသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အမြင့်ဈေး အတက်ဈေးများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြရာမှ ၂၀၁၄ နှစ်ကုန်ပိုင်းခန့်ပိုင်းမှ စတင်ပြီး အိမ်ခြံမြေ အရောင်းအဝယ် တန့်သွားသည့် အနေအထား ရှိလာကာ လက်ရှိ အချိန်တွင်လည်း အမှန်တကယ် ရောင်းသူဝယ်သူလောက်သာ အရောင်းအဝယ် ရှိနေပြီး အိမ်ခြံမြေဈေးကွက် အေးနေဆဲဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။ယင်းကဲ့သို့ အိမ်ခြံမြေ အရောင်းအဝယ် အေးသွားသော်လည်း အိမ်ဝယ်ယူရန် လက်လှမ်းမမီနိုင်သည့် ငွေကြေးမတတ်နိုင်သူ အများအပြား ရှိနေသည့်အတွက် ရန်ကုန်မြို့၏ အိမ်အငှား ဈေးကွက်မှာမူ သွက်လျက် ရှိနေသည်ဟု သိရသည်။“ခုချိန်မှာ ရောင်းသူဝယ်သူလောက်ပဲ အရောင်းအဝယ် ရှိတယ်။ အိမ်ခြံမြေက ဘာမှန်းကို မသိသေးဘူး။ အားလုံး ငြိမ်နေတယ်။ အခြေအနေကို စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ အရောင်းအဝယ်က မဖြစ်သလောက်ပဲ။ အငှားပဲ။ အငှားဆိုတာ ရုံးခန်း၊ ဆိုင်ခန်း၊ လူနေဖို့ အဲဒီအတွက်ပဲ ငှားကြတယ်။ ပြီးတော့ နှစ်ပြည့်လို့ ငှားတဲ့သူတွေလောက်ပဲ အငှားရှိပါတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်များ အသင်းမှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးကျော်တင့်က ပြောကြားသည်။အိမ်ခြံမြေ အရောင်းအဝယ်အေးသည့် နည်းတူ ကွန်ဒို အရောင်းအဝယ် ဈေးကွက်လည်း အထိုက်အလျောက် ကျဆင်းသွားခဲ့ပြီး အိမ်ခြံမြေ အရောင်းအဝယ် ကဏ္ဍတွင် အခွန်နှုန်းထားများ တိုးမြှင့်လိုက်သည့် နောက်ပိုင်း ယင်းကဲ့သို့ ဈေးကွက် အေးသွားခြင်း ဖြစ်ကြောင်း သိရသည်။“တကယ် ရောင်းချင်တဲ့ သူတွေကတော့ ဈေးခေါ်တာတွေ ရှိတယ်။ ဝယ်မယ့်သူကလည်း တကယ်နေမယ့် သူတွေပဲ စုံစမ်းတာ ရှိတယ်။ ကျန်တာကတော့ ဘာသံမှကို မကြားရတဲ့ အထိပဲ” ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။“အိမ်ခြံမြေဈေးကွက် အေးစက်နေတာ ကြာခဲ့ပြီ။ ဈေးကွက် အလားအလာကို ခန့်မှန်းရရင် အခု မိုးတွင်း ရောက်နေပြီ။ ဝါလည်း ဝင်တော့မယ် ဆိုတော့ နောက်ထပ်လေး၊ ငါးလ အတွင်းမှာ ဒီအတိုင်း သွားဦးမှာပဲ” ဟု ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့တွင်း လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်း ရောင်းချမှုများတွင် လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး နှစ်စဉ် ငှားရမ်းခ၊ ရောင်းချနှုန်းများကို အဆမတန် တိုးမြှင့် တောင်းခံနေပြီး ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကာ ငှားရမ်းဝယ်ယူ နေထိုင်ကြသူ အများစုမှ နှစ်စဉ် စိုက်ထုတ်နေရသည်။ သို့သော်လည်း ငှားရမ်း ရရှိမှုများမှ ရရှိသည့် ဝင်ငွေအပေါ် အခွန်လာရောက် ပေးဆောင်သူမှာ လွန်စွာ နည်းပါးလျက် ရှိနေပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့် အပေါ်တွင်သာ အနည်းအကျဉ်း ရရှိခြင်းဖြစ်ရာ နိုင်ငံတော် အနေဖြင့် အခွန်များစွာ နစ်နာလျက် ရှိသည်။
ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း အမှန်တကယ် ရောင်းသူ ဝယ်သူများသာ အရောင်းအဝယ် ရှိနေပြီး ဈေးအေးနေ










