ခင်ပွန်းဖြစ်သူ အငြိမ်းစားဗိုလ်ကြီးအား ငွေပေး၍ သတ်ခိုင်းသည်ဟုဆိုသည့် ဇနီးဖြစ်သူကို မရမ်းကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
မရမ်းကုန်းမြို့နယ် (၉) ရပ်ကွက်နေ ကျောက်ထုတ်လုပ်ငန်းလုပ်သည့် အငြိမ်းစားဗိုလ်ကြီး ဦး..... (၄၆ နှစ်) သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်မြို့နယ်ခွဲ လုံးဖောကျေးရွာတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဆောင်ရွက်နေသောကြောင့် လုပ်ငန်းကိစ္စများဖြင့် မကြာခဏ သွားရောက်နေသူဖြစ်ကြောင်း ဦး.... ၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ဦး....သည် ဇနီးဖြစ်သူ ဒေါ်......အပါအဝင် သားသမီးနှစ်ဦးတို့နှင့်အတူ ကော့သောင်းမြို့သို့ သွားရောက်ခဲ့ပြီး ဂါးဒင်းဟိုတယ်၌ တည်းခိုနေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးမှာ ရန်ကုန်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ဇနီးဖြစ်သူ ဒေါ်.....မှာ ရန်ကုန်မြို့သို့ ပြန်ရောက်ပြီးနောက် ခင်ပွန်းနှင့် လုပ်ငန်းအကျိုးတူ လုပ်ကိုင်သည့် ဦးမောင်မောင်လတ်ထံသို့ ဖုန်းဆက်၍ ခင်ပွန်းဖြစ်သူကိုသတ်ရန် လက်နက်ကိုင် အဖွဲ့များအား ဆက်သွယ်ဆောင်ရွက်ပေးရန်နှင့် ဆက်သွယ်ပေးသည့်အတွက် ကျပ်သိန်း ၅၀ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် သတ်ပေးမည့်အဖွဲ့မှ တောင်းသည့်ငွေပေးမည်ဖြစ်ကြောင်းနှင့် လုံးဖောကျေးရွာအတွင်းရှိ ကျောက်ထုတ်လုပ်ရေး အကွက်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်အပြီးသတ်ပေးရန် ဦးမောင်မောင်လတ်အား ထပ်မံပြောဆိုခဲ့ကြောင်း သိရသည်။
ဒေါ်..... မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သတ်မည့်အဖွဲ့အတွက် စရန်ငွေကျပ်သိန်း ၅၀ ကို ငွေစုဘဏ်မှထုတ်၍ ဦးမောင်မောင်လတ် အမည်ဖြင့် လွှဲပေးခဲ့ပြီး ဦးမောင်မောင်လတ်မှ အကြောင်းစုံအား ဦး....ထံပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ကြံစည်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေါ်..... မှာနေအိမ်မှ ဆင်းသွားခဲ့သော်လည်း ဆက်လက်ရန်ရှာနေသဖြင့် ဦး....က ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်တွင် မရမ်းကုန်း မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
“ဇနီးဖြစ်တဲ့သူက သတ်ဖို့အတွက် ငွေလွှဲလိုက်တယ်။ အဲဒီငွေတွေကို လက်ခံတဲ့သူက ခင်ပွန်းဖြစ်တဲ့သူကို ပြောပြပြီး ငွေကိုပြန်ပေးလိုက်တယ်။ ခင်ပွန်းက အကြောင်းစုံ သိသွားတဲ့အချိန်မှာ သူ့မိန်းမက အိမ်ပေါ်က ဆင်းသွားတယ်။ နောက်တော့ အိမ်ပေါ်ပြန်တက်လာပြီး သူတို့နှစ်ယောက် အဆင်ပြေသွားကြတယ်။ အခုမှ လူမှုရေးကိစ္စတွေ ထပ်ဖြစ်ပြီး အိမ်ပေါ်က ထပ်ဆင်းသွားတာလို့ သိရတယ်။ လက်ရှိမှာတော့ တရားလိုနဲ့ ငွေလက်ခံတဲ့သူကို စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ ဒေါ်.....အား မရမ်းကုန်း မြို့မရဲစခန်းက (ပ)၄၈၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူ အငြိမ်းစားဗိုလ်ကြီးအား ငွေပေး၍ သတ်ခိုင်းသည်ဟုဆိုသည့် ဇနီးဖြစ်သူကို အမှုဖွင့်