ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို သွင်းကုန်လိုင်စင် လျှောက်စရာမလိုဘဲ တင်သွင်းခွင့်ပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွင် သဘောတူညီချက်ရခဲ့ပြီး တရားဝင်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ သတင်းရရှိသည်။
"ဇွန် ၂ ရက်က ကုန်သွယ်ရေး၊ အကောက်ခွန်နဲ့ ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့ ဆွေးနွေးကြတာ ရှိပါတယ်။ ဒီကိစ္စက ပြောရရင် ဟိုအရင်နှစ်တွေ ကတည်းက လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့ဖူးတယ်။ နောက်တော့ ပြန်လိုလာတယ်။ ၂၀၁၄ ခုနှစ် လောက်မှာပေါ့။ လိုင်စင်လျှောက်ရတယ် ဆိုတာကလည်း ကွန်ပျူတာ အလုံးလိုက်ဆိုရင် မလိုဘဲ အစိတ်အပိုင်းတွေ တင်သွင်းမယ်ဆိုရင် လိုအပ်တာမျိုးပါ။ မနေ့တုန်းကတော့ ဆွေးနွေးမှုအပြီးမှာ ဒါကိုပြန်ပယ်ဖျက် ပေးခဲ့တယ်။ ဆွေးနွေးညှိနှိုင်းမှု နောက်ဆုံးအဆင့်မှာ သဘောတူညီမှု ရသွားတာပါ။ တရားဝင်စာထွက်လာပြီး ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးမျိုးမြင့်ထွန်းက ဇွန် ၃ ရက်တွင် ပြောကြားသည်။
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ရန် ပယ်ဖျက်ပေးခဲ့သော်လည်း မိုဘိုင်းဖုန်းနှင့် ကွန်ရက်ဆိုင်ရာ ပစ္စည်းများ မပါဝင်ကြောင်း သိရသည်။ ယင်းပစ္စည်းများ တင်သွင်းပါက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်ယူပြီးမှသာ လိုင်စင်လျှောက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
"အရင်ကတည်းက လိုင်စင်လျှောက်ရတာ အခက်အခဲ ရှိတယ်ဆိုတာ တင်ပြခဲ့ဖူးတယ်။ လိုင်စင်ကို နေပြည်တော်မှာ သွားလျှောက်ရတယ်။ အဲဒီအတွက် အချိန်ကုန် ငွေကုန်ပါတယ်။ တစ်ခုခု တင်သွင်းမယ် ဆိုရင်လည်း တစ်ပတ်နှစ်ပတ်လောက် ကြိုတင်စီစဉ် နေရတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ခံသွားတာတွေရှိတယ်။ အဲဒါကြောင့် လျှောက်ရမယ်ဆိုလည်း ရန်ကုန်မှာပဲ လျှောက်နိုင်ဖို့ တင်ပြခဲ့ဖူးတယ်။ နိုင်ငံတကာမှာလည်း ကွန်ပျူတာတို့ မိုဘိုင်းပစ္စည်းတို့ဆိုတာ Custom Duty ပဲဖြစ်ပါတယ်။ အခုလို ပယ်ဖျက်ပေးလိုက်တော့ ကွန်ပျူတာ လုပ်ငန်းရှင်တွေအနေနဲ့ ဝမ်းသာတာပေါ့။ ဝယ်ယူသုံးစွဲသူတွေ အတွက်လည်း အကျိုးရှိပါတယ်။ အရင်ကထက် ပိုအဆင်ပြေ လွယ်ကူလာတာပေါ့။ ကွန်ပျူတာဈေးနှုန်း အနေနဲ့ကတော့ အများကြီး မကျသွားနိုင်ပါဘူး" ဟု ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို သွင်းကုန်လိုင်စင် လျှောက်စရာမလိုဘဲ တင်သွင်းခွင့်ပြုရန် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွင် သဘောတူညီချက်ရခဲ့










