'ဝ' ဒေသအပါအဝင် နယ်စပ်ဒေသအချို့၌ နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ခုနစ်ခုကို ဆက်လက်ဖွင့်လှစ်ရန် စီစဉ်နေ

'ဝ' ဒေသအပါအဝင် နယ်စပ်ဒေသအချို့၌ နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ခုနစ်ခုကို ဆက်လက်ဖွင့်လှစ်ရန် စီစဉ်နေ
Published 2 June 2016
မင်းသီဟဇော်

'ဝ' ဒေသ အပါအဝင် နယ်စပ်ဒေသအချို့၌ နယ်စပ်ကုန်သွယ်ရေးစခန်း ခုနစ်ခုကို ဆက်လက် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ၊ မြန်မာ-လာအို နယ်စပ်ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုအထိ ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်(၁၀၅)မိုင်၊ ဗန်းမော်(လွယ်ဂျယ်)၊ ကွမ်းလုံ(ချင်းရွှေဟော်)၊ ကန်ပိုက်တီး၊ ကျိုင်းတုံတို့ဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်(FOB)၊ မောတောင်၊ ထီးခီးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။ မြန်မာ-အိန္ဒိယနယ်စပ်တွင် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တော၊ မြန်မာ-လာအို နယ်စပ်တွင် ကျိုင်းလပ် (ယာယီ) စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။
စက်မှုကုန်ထုတ်များနှင့် ကုန်ကြမ်းများ၊ လယ်ယာထွက်ကုန်များ ပိုမိုတိုးမြှင့် ရောင်းဝယ်နိုင်ရေးနှင့် ကုန်သွယ်မှု တိုးတက်လာစေရန် တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်များတွင် နယ်စပ်ကုန်သွယ်ရေး စခန်းအချို့ကို ဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မယ်စဲ့စခန်း၊ ထန်တလန်စခန်း၊ ပလက်ဝစခန်း၊ မိုင်းလားစခန်း၊ ပန်ဆန်း 'ဝ' စခန်း၊ ပုံပါကျင် (BP1) စခန်း၊ ဘုရားသုံးဆူစခန်းတို့ ဖြစ်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၂၇ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၈၁၈ ဒသမ ၆၈၂ သန်းရှိပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၅၂၉ ဒသမ ၇၂၆ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၈၈ ဒသမ ၉၅၆ သန်း ပါဝင်ကြောင်း သိရသည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့် ပမာဏအများဆုံး ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံနှင့် ဒုတိယအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent