အစိုးရ ခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရန် သဘောတူညီမှုရ

အစိုးရ ခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရန် သဘောတူညီမှုရ
Published 29 May 2016
အောင်ဇော်ထွန်း

အစိုးရ ခေါင်းဆောင်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံရန် သဘောတူညီမှု ရပြီဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မေ ၂၈ ရက်တွင် ပြောကြားသည်။အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးဆောင်လုပ်ကိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တို့ တွေ့ဆုံနိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့များဘက်က မေ ၁၉ ရက်တွင် အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ တွေ့ဆုံစဉ် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ရက်ညှိရမယ်။ နှစ်ဖက်ခေါင်းဆောင်တွေ အားတဲ့ရက်ကို ညှိနှိုင်းဖို့ လိုတယ်။ ဆက်လက် ညှိနှိုင်းဖို့ လုပ်ဆောင်ရဦးမှာ။ ကျွန်တော်တို့ဘက်က ခေါင်းဆောင် ခြောက်ယောက် ခုနစ်ယောက် သူတို့ အဆင်ပြေတဲ့အချိန် တစ်ဖက်က အတိုင်ပင်ခံပုဂ္ဂိုလ် အားတဲ့အချိန် အဆင်ပြေတဲ့အချိန်။ တွေ့မယ့်တွေ့တော့လည်း တစ်တွဲတည်းပေါ့ဗျာ။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော၊ သမ္မတရော၊ ကာချုပ်ရော ဖြစ်မှာပေါ့။ ဒါကြောင့် အဲဒီ ပုဂ္ဂိုလ်တွေရဲ့ အချိန်နဲ့ ညှိပြီးတော့ တစ်ချိန်ချိန်ပေါ့ဗျာ။ တစ်ရက် တစ်ရက်ခွဲလောက် ကျွန်တော်တို့ ရတာနဲ့ ဆုံလိုက်လို့ရပါတယ်။ တွေ့ရေးကတော့ အဆင်ပြေသွားပါပြီ” ဟု ပြောကြားသည်။၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပခဲ့သော NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုတိယခေါင်းဆောင်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်သည်။၂၁ ရာစု ပင်လုံညီလာခံကို လာမည့် ဇူလိုင်လကုန်တွင် ကျင်းပနိုင်ရန် အစိုးရက ဆောင်ရွက်လျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်ပြီး ထိရောက်အောင်မြင်စေရန် ဆောင်ရွက်လျက်ရှိသည်။နေပြည်တော်၌ မေ ၂၇ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပခဲ့သည့် UPDJC အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အစိုးရသစ်က လိုအပ်သလို စုဖွဲ့မှုတွေ လုပ်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်တိုက် အကောင်အထည် ဖော်လာတဲ့ဟာက ကျွန်တော်တို့ ဝိုင်းပြီးတော့ ပံ့ပိုး ကူညီရမှာပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ မနေ့က အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ စကားက အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ပြည်သူ့ကို အာမခံပြီး ပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ ကျွန်တော်တို့ ဝိုင်းလုပ်ရမှာပေါ့” ဟု ပြောကြားသည်။

Most Read

Most Recent