တိုင်ကြားစာများအား စိစစ်ရန် ကော်မတီတွင်း အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းခြင်းအား စတင်ဆောင်ရွက်ထားဟု လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား

တိုင်ကြားစာများအား စိစစ်ရန် ကော်မတီတွင်း အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းခြင်းအား စတင်ဆောင်ရွက်ထားဟု လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 29 May 2016
ကျော်ဇင်ဝင်း

တိုင်ကြားစာများအား စိစစ်ရန် ကော်မတီတွင်း အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းခြင်းအား စတင် ဆောင်ရွက်ထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက မေ ၂၈ ရက်တွင် ပြောကြားသည်။တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအား ဒုတိယအကြိမ် လွှတ်တော် သက်တမ်း၌ မေ  ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီ အနေဖြင့် မေ ၂၉ ရက်မှ စတင်ကာ တိုင်ကြားစာများကို စိစစ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။“တရားစီရင်တဲ့အခါ မတရားမှုတွေ ရှိတယ် ဆိုတာမျိုးတွေ ဒီလို တိုင်စာတွေလည်း ရှိပါတယ်။ တချို့လည်း အခွင့်အရေး ဆုံးရှုံးတယ်ဆိုတဲ့ တိုင်စာလည်း ရှိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (မေ ၂၆) ရက်က I-4 (လွှတ်တော်ရေးရာဆောင်) မှာ ရုံးစပြီး လည်ပတ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က အဓိကအားဖြင့်တော့ အဖွဲ့နှစ်ဖွဲ့ ခွဲထားတာပေါ့။ ပထမ အဖွဲ့ကတော့ အထက် မြန်မာပြည်မှာ ရှိတဲ့ တိုင်းနဲ့ပြည်နယ် ခုနစ်ခု၊ အောက်မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ် ခုနစ်ခု ဆိုပြီးတော့ အဖွဲ့နှစ်ဖွဲ့နဲ့ တနင်္လာနေ့(မေ ၂၉)မှာ တိုင်စာတွေကိုစပြီး လေ့လာမယ့် သဘောမှာ ရှိပါတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။လက်ရှိတွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အနေဖြင့် ဖွဲ့စည်းထားသည်မှာ အချိန်ကာလ အနည်းငယ်သာ ရှိသေးပြီး ကော်မတီသို့ တိုက်ရိုက်တိုင်ကြားသည့် စာများထက် ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းခဲ့သည့် ကော်မတီ အချို့၏ အမည်ဖြင့် တိုင်ကြားထားသည့် စာများ ရှိနေသဖြင့် ကော်မတီမှ စိစစ်ရန် တိုင်ကြားစာများ ရှိနေပြီးဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။သို့ရာတွင် တိုင်ကြားစာများထဲ၌ မည်သည့် ကိစ္စများက အများဆုံး တိုင်ကြားသည်ကို စိစစ်ခြင်း မပြုရသေးသဖြင့် ပြောကြားနိုင်ခြင်း မရှိကြောင်း ဦးခင်မောင်ဝင်းက ပြောကြားသည်။အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ တရားစီရင်ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် အားပေးကူညီခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာ ရရှိရေးအတွက် စိစစ်ကူညီ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြခြင်း၊ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လည်းကောင်း၊ ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီခြင်းတို့ကိုလည်း ကော်မတီ အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ထို့အတူ ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်းပြုနိုင်ကြောင်း ကော်မတီ၏ တာဝန်တွင် ပါဝင်သည်။  

Most Read

Most Recent