ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကားဖြင့် သယ်ဆောင်လာသော ဘင်္ဂါလီ ၈ ငဖဲမြို့နယ်အတွင်း မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း သိရှိရသည်။ဖြစ်စဉ်မှာ သတင်းအရ ဂုတ်ကြီးစခန်းမှူး ရဲအုပ်ကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့နယ် စခန်းမှုးတို့နှင့်အတူ ကျေးရွာလူငယ်များ ပူးပေါင်းပြီး ကားများကို စစ်ဆေးခဲ့ရာ နံနက် ၄ နာရီ အချိန်ခန့်တွင် မောင်းနှင်လာသော noah အမျိုးအစား ကားနံပါတ် 3f/---- အဖြူရောင်ကားအား နတ်ရေကန် ကော်ဖီခြံရှေ့ အရောက်တွင် စစ်ဆေးခဲ့ရာ ကားမှာ အစစ်ဆေး မခံဘဲ ပြန်လည် လှည့်ထွက်သွားခဲ့ပြီးနောက် လမ်းခုလတ်တွင် ကားပေါ်၌ ပါလာသော ဘင်္ဂါလီများအား ချထားခဲ့ပြီးနောက် နောက်သို့ ပြန်လှည့်လာခဲ့ရာ ရဲအုပ်ကျော်မျိုးနှင့် အဖွဲ့မှ တားဆီး စစ်ဆေးခဲ့ကြောင်းနှင့် လမ်းတွင် ချထားသော ဘင်္ဂါလီများကိုလည်း လင်းတဲကျေးရွာ အနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ယင်းနှင့် ပတ်သက်ပြီး ဂုတ်ကြီးရဲစခန်းမှ ရဲအုပ်ကျော်မိုးက “ကျွန်တော်တို့က သတင်းအရ ငဖဲစခန်းမှူးနဲ့ ရပ်သားအဖွဲ့တွေနဲ့အတူ ဖမ်းဆီး ရရှိခဲ့တာပါ။ သူတို့ကိုစစ်တော့ အစစ်မခံဘူး ထွက်ပြေးတယ်။ ကျား ၇ ယောက်၊ မတစ်ယောက်ပေါ့။ သူတို့ကို လမ်းခုလတ်မှာ ချထားပြီး ကျွန်တော်တို့ဘက် လှည့်လာတယ်။ အဲဒီမှာ စစ်တော့ ကားပေါ်မှာက ကားသမားနဲ့ အဖော်နှစ်ယောက်သာ ပါတယ်။ အဲဒီ အချိန်မှာ ဟိုဘက်အဖွဲ့က ဘင်္ဂါလီတွေကို ဖမ်းမိတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကလို့ ပြောပါတယ်။ နှစ်ဘက် ပိတ်ပြီး ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။အဆိုပါ ဘင်္ဂါလီများသည် ကျောက်တော်မြို့နယ်မှဖြစ်ပြီး အမ်းမှ မင်းဘူးဖက်သို့ လာသောကားဖြစ်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများကို သယ်ဆောင်လာသူများမှာ ပဲခူးတိုင်း အတွင်းမှ ယဉ်မောင်း မောင်ခိုင်နှင့် ဦးသန်းထိုက်(ဆင်မြီးစွဲရွာ)၊ စောရေဝေ(အရိုင်းလုရွာ) သုံးဦးဖြစ်ကြောင်း သိရှိရသည်။