မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း

မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း
Published 22 May 2016
စုမှူးနိုင်

Miss Universe Myanmar 2013  ဆုရှင်တစ်ဦးအဖြစ် အောင်မြင်ကျော်ကြားလာခဲ့သူ မိုးစက်ဝိုင်က 2013 Miss Universe ပြိုင်ပွဲယှဉ်ပြိုင်မှုတွေ အပြီးမှာ သူမရဲ့ ပရဟိတ လုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်လက်ပိုင်ဆိုင်နေဆဲ အလှမယ်တစ်ဦးပါ။ မြဝတီရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာနိုင်ငံအရပ်ရပ်က မြို့ကြီးတွေ အကြောင်းတင်ဆက်ခဲ့တဲ့ Amazing City ရုပ်သံအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပေမယ့် အနုပညာအလုပ်တွေကိုတော့ ခပ်ကျဲကျဲသာ လုပ်ဆောင်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ မေ ၂၀ ရက်မှာကျရောက်တဲ့ သူမမွေးနေ့မှာလည်း ပရိသတ်တွေနဲ့အတူ အလှူဒါနတွေပြုလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ မိုးစက်ဝိုင်က ၂၀၁၆ ခုနှစ်ထဲမှာတော့ သူမအနေနဲ့ ပထမဆုံးအဖြစ် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာကြောင့် သူမရဲ့ အနုပညာခြေလှမ်း အချို့နဲ့ ပရဟိတ လုပ်ငန်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .
 
မေး ။       ။ မိုးစက်အနေနဲ့ မေလ ၂၀ ရက်နေ့ မွေးနေ့ အမှတ်တရလေးကို အရင်ပြောပြေပေးပါဦး။
ဖြေ ။     ။ မိုးစက်မွေးနေ့ဖြစ်တဲ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားမှာ အရုဏ်ဆွမ်း ကပ်လှူဖြစ်ပါတယ်။ အာရုဏ်ဆွမ်းကပ်အပြီးမှာ We Love Moset Wine အဖွဲ့သားတွေရော မိဘမဲ့ကလေးကျောင်းက ကလေးတွေကိုပါ ဖိတ်ခေါ်ပြီး သူတို့နဲ့အတူ ရွှေတိဂုံဘုရားမှာပဲ လူငါးရာစာအတွက် စတုဒိသာ ဝေခဲ့တယ်။ စတုဒိသာ ဝေတာတွေ အပြီးမှာ မင်္ဂလာဒုံမှာရှိတဲ့ ခွေးလေးတွေကို စောင့်ရှောက်ထားတဲ့ဆီမှာ ခွေးလေးတွေအတွက် အစာသွားကျွေးဖြစ်တယ်။ ပြီးတော့ ခင်မင်ရသူတွေ မိုးစက်ရဲ့ FAN အဖွဲ့သားတွေနဲ့ မုန့်သွားစားဖြစ်ပါတယ်။ မွေးနေ့တစ်နေ့လုံးကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ မွေးနေ့မတိုင်ခင် မေ ၁၉ ရက် ညမှာလည်း  We Love Moset Wine အဖွဲ့သားတွေနဲ့ Myanmar Media 7 တို့ ပူးပေါင်းပြီး စီစဉ်ပေးတဲ့ မွေးနေ့ပွဲလေးက မိုးစက်အတွက် အရမ်းကို အံ့သြဝမ်းသာ ဖြစ်ရတဲ့ ပွဲလေးဖြစ်ခဲ့ပါတယ်။
 
မေး ။    ။ လက်ရှိမှာ မိုးစက်လုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ ။      ။ လက်ရှိမှာတော့ မိုးစက်အနေနဲ့ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးနေတဲ့ ‘သတ္တိ ရှိရင် လောင်းမလား’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကိုပြေတီဦး၊ ကိုမင်းမော်ကွန်းတို့နဲ့အတူ သရုပ်ဆောင်နေ ပါတယ်။
 
မေး     ။         ။         ‘သတ္တိရှိရင် လောင်းမလား’ ဆိုတဲ့ဇာတ်ကားမှာ မိုးစက်က ဘယ်လို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ရလဲ။ အဲဒီဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ      ။         ။         ဒီဇာတ်ကားမှာ မိုးစက်အတွက် ပါဝင်ရတဲ့ ဇာတ်ဆောင်နေရာက မိုးစက်လုပ်နိုင်မယ့်အနေအထားမျိုး ဖြစ်တဲ့အတွက်ရော အတူတွဲဖက် သရုပ်ဆောင်ရမယ့် ဝါရင့်အနုပညာရှင်တွေဖြစ်တဲ့ ကိုပြေတီဦးတို့၊ ကိုမင်းမော်ကွန်း တို့အတွက်လည်း မိုးစက်ရဲ့ သရုပ်ဆောင်မှုကနေ သူတို့မှာ ထိခိုက်စေတာမျိုး အခက်အခဲ တွေ့စေတာမျိုး မရှိတဲ့ အတွက်ကြောင့်လည်း ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာပါ။
 
မေး     ။         ။         ပရိသတ်တွေ မျှော်လင့်နေတဲ့ မိုးစက်ရဲ့အနုပညာ သရုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပြီတော့ နောက်ထပ် ဇာတ်ကားတွေရော ဆက်ရိုက်ဖို့ရှိမလား။
ဖြေ      ။         ။         လောလောဆယ်မှာတော့ ‘သတ္တိရှိရင် လောင်းမလား’ ဆိုတဲ့ ဇာတ်ကားကိုပဲ ရိုက်ကူးနေပါတယ်။ နောက် ထပ်ဇာတ်ကားတွေ ဆက်ရိုက်ဖို့အတွက်ရော ဆက်မရိုက်ဖို့အတွက်ရော လောလောဆယ်မှာ မိုးစက်အတွက် ဘာအစီအစဉ်မှ မရှိသေးသလို ဘာမှလည်း မဆုံးဖြတ်ရသေးပါဘူး။
 
မေး     ။         ။         မိုးစက် လုပ်ဖြစ်နေတဲ့ ပရဟိတ လုပ်ငန်းတွေအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ      ။         ။         မိုးစက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး အကူအညီ လိုအပ်နေတဲ့ နေရာတွေ၊ ဒေသတွေ၊ လူတွေအတွက် လှူဒါန်းကူညီမှုတွေ လုပ်ဖြစ်နေပါတယ်။ မိုးစက်တစ်ဦးတည်းဖြစ်စေ၊ မိုးစက်ရဲ့သူငယ်ချင်းတွေနဲ့ ဖြစ်စေပေါ့။ အဲဒီလိုပဲ မိုးစက်တို့ရဲ့ မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ကနေပြီးတော့လည်း ပရဟိလုပ်ငန်းတွေကို သေချာလေး လုပ်နေပါတယ်။
 
မေး     ။         ။         မြန်မာ့နှလုံသား ပရဟိတအဖွဲ့ကနေ လုပ်ဆောင်နေတဲ့ လှူဒါန်းမှုတွေနဲ့ ဆက်လက် လုပ်ဆောင်ဖို့ရှိတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ      ။         ။         မြန်မာ့နှလုံးသား ပရဟိတအဖွဲ့အနေနဲ့ ချင်းပြည်နယ်မှာ စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းနိုင်ဖို့ ပြောဆို တိုင်ပင်ထားတာရှိပါတယ်။ တစ်လောကတော့ ငွေသားပဲ သွားလှူခဲ့တာပါ။ စာသင်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းနိုင်ဖို့ဆိုရင် ဒေသခံတွေဘက်က တာဝန်ယူပြီး ပူးပေါင်း ဆောင်ရွက်ပေးမှ အဆင်ပြေမှာပါ။ မိုးစက်တို့ဘက်က ခဏခဏ မသွားနိုင်ပေမယ့် ဒေသခံတွေက ကြီးကြပ်လုပ်ဆောင်ပေးပြီး မြန်မာ့နှလုံးသား ပရဟိတအဖွဲ့က လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေလုပ်ပြီး စာသင်ကျောင်းဆောင် ဆောက်လုပ်မှ အဆင်ပြေမှာဖြစ်လို့ လှူဒါန်းနိုင်ဖို့ တိုင်ပင်နေပါတယ်။ လောလောဆယ်မှာတော့ အဲဒီကျောင်းကို ဆောက်လုပ်လှူဒါန်းနိုင်ဖို့အတွက် အားစိုက်နေပါတယ်။ အဲဒီကျောင်း လှူဒါန်းပြီးရင်တော့ မြန်မာ့နှလုံးသား ပရဟိတအဖွဲ့အနေနဲ့ တစ်နှစ်ကို ကျောင်းတစ်ကျောင်း လောက် လှူဒါန်းသွားနိုင်ဖို့တော့ မှန်းထားပါတယ်။
 
မေး     ။         ။         မိုးစက်အနေနဲ့ မြန်မာအလှမယ်တွေအတွက် အားပေး စကားလေးလည်း ပြောပေးပါဦး။
ဖြေ      ။         ။         အမှန်အတိုင်းပြောရရင်တော့ မိုးစက်က ဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ ကိုယ်လုပ်ရမယ့်အရာတိုင်းကို အကောင်းဆုံးစိတ်ထည့်ပြီး လုပ်ဆောင်ခဲ့တယ်။ မိုးစက်ကို အားပေးတဲ့ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်နေသလို သူတို့ကျေနပ်အောင် ဂုဏ်ယူအောင်လို့ အမြဲစဉ်းစား လုပ်ဆောင်ခဲ့တာကြောင့် မိုးစက်ကိုယ်တိုင်လည်း ကျေနပ်ပျော်ရွှင်ရပါတယ်။ အဲဒီလိုပဲ အလှမယ်တွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ကိုယ်လုပ်ရမယ့် ကိုယ်လုပ်နိုင်တဲ့အလုပ်တွေကို အကောင်းဆုံး စိတ်ထည့်ပြီး လုပ်ဆောင်ရင် ပျော်ရွှင်ကျေနပ်စရာတော့ ဖြစ်လာမှာပါ။                                                                   

Most Read

Most Recent