ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ရှစ်ခုအတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေခိုးထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦးတို့၏ အမှုများအား တပေါင်းတစ်စည်းတည်း စုပေါင်းစစ်ဆေးပေးရန်အတွက် အမှုတွဲဖိုင်အား တိုင်းဒေသကြီး တရားလွှတ်တေ်ာသို့ တင်ပို့ထားကြောင်း မေ ၂၀ ရက်ရုံးချိန်းတွင် လသာမြို့နယ်တရားရုံးမှ သိရသည်။
၂၀၁၄ ခုနှစ်အတွင်းက ဒဂုံမြို့နယ် ပြည်လမ်း စိန်ဂေဟာရှိ CB ဘဏ် ATM စက်မှ ကျပ်ငါးသိန်းအား နိုင်ငံခြားသားများအဖွဲ့မှ ခိုးထုတ်မှု ဖြစ်ပွားခဲ့သည်ကို CB ဘဏ် တာဝန်ရှိသူတစ်ဦးမှ CCTV မှတ်တမ်းများအရ သိရှိခဲ့ပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ဒဂုံမြို့နယ်ရှိ CB ဘဏ် ATM စက်အပြင် လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ATM စက်များမှ ယင်းနိုင်ငံခြားသားများပင် ငွေထုတ်ကတ် အတုဖြင့် ငွေခိုးထုတ်ယူခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းဓာတ်ပုံများအရ ကျူးလွန်သူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်နေသော ဗြိတိန်နိုင်ငံသား Mr.Niranian Pasaljngam (၂၈)နှစ်၊ အိန္ဒိယနိုင်ငံသားများဖြစ်သော Mr.Balu (၂၅)နှစ်၊ Mr.Rajkumar (၂၃)နှစ်နှင့် Mr. Direeh Kuman (၃၂)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး အိန္ဒိယနိုင်ငံသား Mr.Morhamed Arif (၃၄) နှစ်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
“သူတို့အမှုက ဒီနေ့အထိ မစစ်ဆေးရသေးပါဘူး။ အခုလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့သူတွေက သူတို့ရဲ့ အမှုတွေကို တရားရုံးတစ်ခုထဲမှာ ပူးပေါင်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့အတွက်ကြောင့် သူတို့ကိုစွဲဆိုထားတဲ့ အမှုတွဲဖိုင်ကို တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပို့ထားပါတယ်။ ပြီးတော့ ရမန်ထပ်ယူပြီး ရုံးချိန်းပြန်ချိန်းခဲ့ပါတယ်” ဟု လသာမြို့နယ် တရားရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းတို့အား ပြစ်မှုပုဒ်မ ၃၈၀/၄၆၅ ဖြင့်လည်းကောင်း၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (က) (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုထားသည်။
ရန်ကုန်မြို့ မြို့နယ်ရှစ်ခု အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေခိုးထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦး၏အမှု တိုင်းဒေသကြီး တရားလွှတ်တော်သို့ အမှုတွဲတင်ပို့ထား