စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းအား ဖြိုခွဲပြီး အလုပ်သမားခေါင်းဆောင် အားလုံး အစိုးရက ဖမ်းဆီး

စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းအား ဖြိုခွဲပြီး အလုပ်သမားခေါင်းဆောင် အားလုံး အစိုးရက ဖမ်းဆီး
မေ ၁၈ ရက်က နေပြည်တော်အဝင် တပ်ကုန်းသို့ ရောက်ရှိလာသော အလုပ်သမားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က ဖြိုခွင်းကာ ဆန္ဒပြအလုပ်သမားများအား ဖမ်းဆီးခဲ့သည့် မြင်ကွင်း (ဓာတ်ပုံ-နေရိုင်း)
မေ ၁၈ ရက်က နေပြည်တော်အဝင် တပ်ကုန်းသို့ ရောက်ရှိလာသော အလုပ်သမားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က ဖြိုခွင်းကာ ဆန္ဒပြအလုပ်သမားများအား ဖမ်းဆီးခဲ့သည့် မြင်ကွင်း (ဓာတ်ပုံ-နေရိုင်း)
Published 18 May 2016
နေရိုင်း၊ ကျော်မျိုး

 
စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းအား ဖြိုခွဲပြီး အလုပ်သမားခေါင်းဆောင် အားလုံးကို အစိုးရက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
 
တပ်ကုန်းမြို့အဝင် ညောင်လွန်ဂိတ် လမ်းနံဘေး၌ မြို့တော်ဝန်အလာကို စောင့်ဆိုင်းနေသော  အလုပ်သမား သပိတ်စစ်ကြောင်းတွင် ပါဝင်သူအားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
 
အစိုးရသစ်လက်ထက်တွင် စစ်ကိုင်း ဆန္ဒပြအလုပ်သမား သပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ဖြိုခွဲခဲ့ပြီး ဆန္ဒပြ အလုပ်သမားများနှင့် ဝန်းရံ  (ဗကသ) ကျောင်းသား စုစုပေါင်း ၆၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
 
သပိတ်စစ်ကြောင်းသည် မေ ၁၈ ရက် နံနက် ၁၀ နာရီခန့်တွင် တပ်ကုန်းမြို့နယ် နယ်နိမိတ်အစပ် ညောင်လွန့်ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့် ဂိတ်သို့ ရောက်ရှိခဲ့ကာ နှစ်ဖက် အချေအတင် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများက နေပြည်တော်ကောင်စီဥက္ကဋ္ဌအား တွေ့ဆုံခွင့် တောင်းဆိုခဲ့သည်။
 
ထို့နောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင်  အထွေထွေအုပ်ချုပ်ရေးမှူးက အလုပ်သမားများကို ကတိပေးထားသကဲ့သို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှာ သပိတ်စစ်ကြောင်းရှိရာသို့ လာရောက်ခြင်းမရှိဘဲ တပ်ကုန်းမြို့သို့သာ သပိတ်ခေါင်းဆောင် ငါးဦးအား သွားရောက်တွေ့ဆုံရန် အကြောင်းပြန်ရာ အလုပ်သမားများက လက်မခံဘဲ တားဆီးထားသောနေရာအား ဖြတ်ကျော် ဝင်ရောက်ရာတွင် ရဲတပ်ဖွဲ့က သပိတ်ကို ဖြိုခွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
 
နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က “ကျွန်တော်တို့က ၁၂၇၊ ၁၂၈ ကျင့်ထုံးဥပဒေတွေနဲ့ တရားမဝင် အစုအဝေးဖြစ်လာတယ်ဆိုပြီးတော့ ထွေအုပ်ကလည်း ကြေညာပြီးပါပြီ။ ဒီလို ဝင်လာတာကလည်း 
စီတန်းလှည့်လည်ခွင့်လည်း တင်ထားတာ မရှိဘူး။ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တပ်ကုန်းမှာ စောင့်နေတာပါ။ သူတို့က ဒီမှာလာတွေ့မယ်လို့ ပြောထားတဲ့အတွက် လက်မခံဘူးလို့ ဆိုတယ် ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး။ ကန့်သတ်ထားတဲ့ နေရာကိုလည်း  ကျော်လာတဲ့အတွက် အရေးယူတာပါ”ဟု ပြောကြားသည်။
 
ရဲတပ်ဖွဲ့အနေဖြင့် အခြားမြို့နယ်များတွင် ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်ခဲ့ခြင်းအား အရေးယူရန်မရှိဘဲ နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စအတွက်သာလျှင် အရေးယူမည်ဖြစ်ကြောင်း၊ အရေးယူရာတွင် ဝန်းရံကျောင်းသားများဖြစ်သည့်  ရန်နိုင်ထွေး၊ ရဲရင့်ပိုင်မှူး၊  ဗစ်တာ၊ ယုသဉ္ဇာအောင်နှင့် သပိတ်ခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ၁၀ ဦးအား စိစစ် အရေးယူသွားမည်ဖြစ်ပြီး ကျန်ရှိ ဆန္ဒပြအလုပ်သမားများအား နေရပ် ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
 
“ချုပ်နှောင်ဖို့လိုတဲ့ သူတွေကိုတော့ ချုပ်ထားရမှာပါ။ ဦးဆောင်ပြီး သွေးထိုးလှုံ့ဆော်သူ လေး ငါး ရှစ်ဦး ရှိပါတယ်။ ဒါကိုစိစစ်ပြီး အရေးယူဖို့ရှိတဲ့ အတိုင်းအတာလောက်ကိုပဲ အရေးယူမှာပါ”ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။
 
ဖမ်းဆီးခံခဲ့ရသော သပိတ်ခေါင်းဆောင် ကိုခိုင်မင်းက “ပြည်သူက တင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ကျွန်တော်တို့ အလုပ်သမားတွေကို အခုလို အကြမ်းဖက် ဖြိုခွဲတာဖြစ်သင့်ရဲ့လား။ တရားမျှတမှု ရှိရဲ့လား” ဟု အချုပ်ကားပေါ်မှ အော်ဟစ်ပြောဆိုခဲ့သည်။
 
ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းရာတွင် အဝတ်အစားများ စုတ်ပြဲခြင်း၊ ထိုးကြိတ်ခံရခြင်းများ ရှိခဲ့ပြီး သပိတ်မှောက် အမျိုးသမီးအချို့ မူးမေ့လဲကျခဲ့သည့်အတွက် အရေးပေါ် လူနာတင်ယာဉ်ဖြင့် တပ်ကုန်း ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
 
“ပြည်သူ့ရဲတွေက ကျွန်တော်တို့ကို ဖမ်းတဲ့အပြင် လက်သီးနဲ့လည်း ထိုးတယ်။ အရပ်ဝတ်နဲ့ လူတွေကလည်း ဝင်ထိုးတယ်။ မိန်းကလေးတွေကိုလည်း ထိုးတယ်။ မိန်းကလေး တစ်ယောက်ဆိုလည်း သေမလား မသိဘူး” ဟု အချုပ်ကားပေါ်မှ သပိတ်မှောက် အလုပ်သမားတစ်ဦးက ပြောကြားသည်။
 
စစ်ကိုင်းစက်မှုဇုန်ရှိ MVPP သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများက အလုပ်သမားသမဂ္ဂအား ဖြိုခွဲခဲ့သည့် အလုပ်ရှင်အား အရေးယူပေးရန်၊ အလုပ်ထုတ်ခံရသူများကို ပြန်ခန့်ပေးရန်၊ အလုပ်ထုတ်ခံရသည့် ကြားကာလအတွက် နစ်နာကြေးပေးရန်၊ ဆန္ဒဖော်ထုတ်သည့်အတွက် အရေးယူခြင်း မပြုရန် စသည့်အချက်များကို အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင် ဖြေရှင်းရန် တောင်းဆိုထားခြင်းဖြစ်ပြီး ပြေလည်ခြင်း မရှိသည့်အတွက် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြရ ခြင်းဖြစ်ကြောင်း သိရသည်။    
 

စစ်ကိုင်းစက်မှုဇုန်ရှိ MVPP သစ်အချောထည်စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမား ၁၆၁ ဦး ပြန်လည်ခန့်အပ်ရေးနှင့် အလုပ်သမားအခွင့်အရေး ရရှိရေး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည့် ဖြစ်စဉ်အကျဉ်း
 
ဧပြီ ၂၉ ► စစ်ကိုင်းစက်မှုဇုန်ရှိ MVPP  သစ်ချောအထည်စက်ရုံမှ ဥပဒေမဲ့ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမား ၁၆၁ ဦးကို ပြန်လည် ခန့်အပ်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် စစ်ကိုင်းမြို့မှ နေပြည်တော်အထိ သပိတ်မှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်။
 
ဧပြီ ၃၀ ► ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး စဉ့်ကိုင်မြို့သို့ ရောက်ရှိချိန်တွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန ဒုညွှန်ချုပ်နှင့်အဖွဲ့မှ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေမှုကို ရပ်နားပေးပြောဆိုခဲ့သော်လည်း တောင်းဆိုချက်များ မရရှိမချင်း ဆန္ဒထုတ်ဖော်သွားမည်ဟု ပြောကြားပြီး ဆက်လက် သပိတ်မှောက် လမ်းလျှောက်ချီတက်။
 
မေ ၁ ►  သပိတ်မှောက် ဆန္ဒထုတ်ဖော် အလုပ်သမားများ ကျောက်ဆည်မြို့သို့ ဆက်လက် ချီတက်။
 
မေ ၂  ► ကျောက်ဆည်မြို့မှ ဆက်လက် ထွက်ခွာခဲ့ပြီးနောက် ဟန်မြင့်မိုရ်ကျေးရွာရှိ ရေဦးဘုန်းတော်ကြီးကျောင်းတွင် ခေတ္တရပ်နားခဲ့။
 
မေ ၃ ► ကျောက်ဆည်မြို့၊ ရေဦးဘုန်းကြီးကျောင်းတွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ရပ်နားထားသည့် အလုပ်သမားများအား အုပ်ချုပ်ရေးအဖွဲ့မှ ဖိအားပေးလာခြင်းကြောင့် မြစ်သားမြို့ နယ်ဘက်သို့ ဆက်လက်ထွက်ခွာ။
        ► မြစ်သားမြို့နယ် ခန္တီးလေးကျေးရွာသို့ ရောက်ရှိနေသော အလုပ်သမား သပိတ်စစ်ကြောင်းနှင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ၊ အလုပ်ရှင်တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ အလုပ်သမား အဓိကတောင်းဆိုမှုကို လိုက်လျောပေးခြင်း မရှိခဲ့။
        ► လက်ရှိ အစိုးရအား ဆန့်ကျင်ဆန္ဒထုတ်ဖော်နေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ အခြေခံနစ်နာဆုံးရှုံးနေမှုများကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးခြင်း မရှိခြင်းကြောင့် ဗဟိုအစိုးရသို့ လေးစားယုံကြည်စွာဖြင့် တင်ပြတောင်းဆိုရန် လမ်းလျှောက် ချီတက်လာခြင်းဖြစ်ဟု ကြေညာချက်ထုတ်ပြန်။
 
မေ ၅ ►  သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ဖိအားပေးမှုများ ပြုလုပ်လာနေခြင်းကြောင် လမ်းလျှောက်ချီတက် အလုပ်သမားများ ရွှေတောင်ကျေးရွာ ဘုန်းကြီးကျောင်း၌ သရဏဂုံတင်ခြင်း ပြုလုပ်။
         ►  ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွှေကူကျေးရွာမှ ဆက်လက်ထွက်ခွာခဲ့ပြီး ရွာရှည်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တရပ်နား။
 
မေ ၆ ► ဆွေးနွေးခဲ့ခြင်းမှာ နေပြည်တော် ပြည်ထောင်စုအဆင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည့်အတွက် ယုံကြည်မှုရှိသဖြင့် မူလဆုံးဖြတ်ချက်ကို  ပြင်ဆင်ပြီး မေ ၁၁ ရက်အထိ ထပ်မံ စောင့်ဆိုင်းရန် ဝမ်းတွင်းမြို့ တံတားဦး ဘုန်းကြီးကျောင်းတွင် ခေတ္တရပ်နားရန် ဆုံးဖြတ်။
 
မေ ၁၂ ► ပြည်ထောင်စုအစိုးရက အကြောင်းပြန်ကြားမှု မရှိသဖြင့် တံတားဦး ဘုန်းကြီးကျောင်းမှ နေပြည်တော်သို့ ဆက်လက်ချီတက်။
 
မေ ၁၃ ► အလုပ်သမားဝန်ကြီးဌာန ညွှန်ချုပ် ဦးဝင်းရှိန်က စစ်ကိုင်းစက်မှုဇုန်ရှိ နိုင်ငံခြားသားပိုင်  Myamar Venner  Plywood Private  သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် ညှိနှိုင်းမှု ပြီးစီးသွားပြီဖြစ်၍ ဆက်လက် ဆန္ဒပြမှုများသည် ၎င်းတို့၏ တာဝန်သာဖြစ်ကြောင်းပြောကြား။
 
မေ ၁၄  ► ပျော်ဘွယ်မြို့နယ်အတွင်းသို့ ဆန္ဒထုတ်ဖော် အလုပ်သမားများ ရောက်လာစဉ် အမျိုးသမီးအလုပ်သမားအချို့ ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပေါ်။
           ► တပ်ကုန်းမြို့နယ် အစနှင့် လေးမိုင်ခန့် ကွာဝေးသည့် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၂၈၉ ပြတိုက်ကျေးရွာအနီးတွင် ညအိပ်ရပ်နား။
 
မေ ၁၆ ► ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်။
 
မေ ၁၇ ► နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ NLD ပါတီမှ အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်။
 
မေ ၁၈ ► စစ်ကိုင်း အလုပ်သမားသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး အလုပ်သမားခေါင်းဆောင်များ အားလုံးကို အစိုးရက ဖမ်းဆီး။