နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခ်ရစ်ရှ်နန်သည် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မေ ၁၈ ရက် နံနက်ပိုင်းက လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံ တွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့သည် မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ကိစ္စ၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့သည် တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး နှစ်ဖက် နိုင်ငံခြားရေး ဝန်ကြီးများ အနေဖြင့် ခရီးစဉ်နှင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များအတွက် အထူး ကျေနပ်အားရကြောင်း၊ အနာဂတ် ကာလတွင်လည်း မြန်မာနိုင်ငံနှင့် စင်ကာပူ နှစ်နိုင်ငံအကြား မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများ အပေါ် စင်ကာပူနိုင်ငံ အနေဖြင့် အထူးအားရသည့် အပြင် မိတ်ဖက်နိုင်ငံ အဖြစ် လိုအပ်သည်များကို ပံ့ပိုးပေးရန် အဆင်သင့် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်း ထုတ်ပြန်သည်။ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက် တစ်ဦးက ယခင် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအား စင်ကာပူ နိုင်ငံကဲ့သို့ လုပ်ဆောင်မည်ဟု ပြောဆိုမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံကဲ့သို့ လူမှုစီးပွား သာလွန်အောင် လုပ်ရန် အချိန် မည်မျှ လိုအပ်မည်ဖြစ်ကြောင်း မေးမြန်းသည်။ဒေါ်အောင်ဆန်းစုကြည်က “စင်ကာပူလို ဖြစ်အောင်တော့ မလုပ်ပါဘူး။ ဒီနိုင်ငံက ဒီနိုင်ငံရဲ့ ပုံစံအတိုင်းပဲ ဖွံ့ဖြိုးတိုးတက်ရမှာပါ။ ဒါပေမဲ့ စင်ကာပူရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မီအောင်လုပ်မယ် ဆိုတာ ဒီနိုင်ငံ ပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ စင်ကာပူရဲ့ သူ့နိုင်ငံ ပုံစံနဲ့ တိုးတက်မှုလောက် ပုံစံမျိုး ကြီးမားနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုပဲဖြစ်အောင် လုပ်ဖို့ ကြိုးစားတဲ့ နေရာမှာ စင်ကာပူဟာလည်း မိတ်ဆွေကောင်းတစ်ယောက် အနေနဲ့ ရပ်တည်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် ကိစ္စများနှင့် မြန်မာ-စင်ကာပူ အသက်မွေးမှု သင်တန်းကျောင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် (၅၀)ပြည့် အထိမ်းအမှတ်နှင့် မိတ်ဆက် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဗီဗီယန်ဘလာခ်ရစ်ရှ်နန်သည် မြန်မာနိုင်ငံသို့ မေ ၁၇ ရက်မှ ၁၉ ရက်အထိ လာရောက်ရန်အတွက် နေပြည်တော်သို့ မေ ၁၇ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး လာရောက် တွေ့ဆုံ















