လုပ်အားပေး ကချင်ဆရာမနှစ်ဦး အဓမ္မပြု ကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အခင်းဖြစ်စဉ်က ထိုရွာသို့ ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှူး အပါအဝင် တပ်မတော်သားအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း KBC ဘက်က မေးခွန်းတိုက်ရိုက်မေးခွင့် မရခဲ့

လုပ်အားပေး ကချင်ဆရာမနှစ်ဦး အဓမ္မပြု ကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အခင်းဖြစ်စဉ်က ထိုရွာသို့ ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှူး အပါအဝင် တပ်မတော်သားအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း KBC ဘက်က မေးခွန်းတိုက်ရိုက်မေးခွင့် မရခဲ့
Published 18 May 2016
ထွန်းနေလှိုင်၊ ဉာဏ်ဝင်းရှိန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ပညာဒါန လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုနှင့်ပတ်သက်၍ အခင်းဖြစ်စဉ်က ထိုနေရာသို့ ရောက်ရှိနေသည့် ခမရ (၅၀၃) မှ စစ်ကြောင်းမှူးနှင့် တပ်မတော်သားအချို့ကို စစ်ဆေးမေးမြန်းရန်အတွက် မေ ၁၈ ရက်က လားရှိုးမြို့တွင် ရဲတပ်ဖွဲ့၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် KBC မှ တာဝန်ပေးထားသည့် ရှေ့နေအဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
 
ထိုသို့ တွေ့ဆုံရာတွင် KBC မှ ရှေ့နေအဖွဲ့ကို မေးခွန်း တိုက်ရိုက်မေးမြန်းခွင့်မပြုဘဲ KBC မှ မေးမြန်းလိုသည့် မေးခွန်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့အား ပေးပို့ပြီး အမှုစစ်ရဲတပ်ဖွဲ့က မေးမြန်းပေးမည်ဖြစ်ပြီး KBC  အနေဖြင့် ကြားမှ နားထောင်ရမည့် သဘောဖြစ်နေသဖြင့် တွေ့ဆုံမှုမှာ စစ်ဆေးမေးမြန်းသည့် အဆင့်မရောက်ဘဲ ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။
 
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် အမှုမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးသောင်းလွင်က “ပြီးခဲ့တဲ့ ရန်ကုန်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲရဲ့ ရလဒ်ကို အကြောင်းပြုပြီးတော့ တပ်မတော်သားတွေ နဲ့ တွေ့ဆုံခွင့် ပေးလိုက်ပါလို့ ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးတဲ့အတွက် တပ်မတော်သား လေးယောက်ကို ခေါ်ပေးတယ်။ တစ်ယောက်က တိုက်ပွဲမှာ ကျဆုံးသွားပြီဆိုတော့ ဒီနေ့တော့ စစ်ကြောင်းမှာပါတဲ့ သုံးယောက်ကို ခေါ်ပေးတာပေါ့။ အဲဒီမှာ စည်းကမ်းချက်တွေ ဘယ်လိုပါလာလဲဆိုတော့ မေးခွန်းတွေကို ကြိုတင်ပေးရမယ်။ပြည်နယ် ရဲတပ်ဖွဲ့မှူးကနေပြီးတော့မှ တစ်ဆင့် ပြည်ထဲရေးဝန်ကြီးတို့၊ ကာကွယ်ရေးဝန်ကြီးတို့ကို ပို့မယ်ပေါ့။ ပို့ပြီးတော့မှ အခု ဒီအခမ်းအနားလုပ်တဲ့ အချိန်ကျတော့မှ ဒီမေးခွန်းတွေကို ရဲတပ်ဖွဲ့က အမှုစစ်အဖွဲ့ကနေပြီးတော့ မေးပေးမယ်ပေါ့။ကျွန်တော်တို့က ဘေးက နားထောင်ပေါ့။ အဲဒီလိုမျိုး စည်းကမ်းချက်တွေ ဖြစ်တယ်ပေါ့။ 
ကျွန်တော်တို့ဘက်က မေးခွန်းတွေကို ကြို တင်မပေးဘူး။ မေးခွန်းတွေကို ဥပဒေဘောင်အတွင်းက တိုက်ရိုက်တွေ့ဆုံ မေးမြန်းချင်တယ်။ ဒီနေ့ကတော့ အားလုံး ချိန်းဆိုပြီးသား ဖြစ်တဲ့အတွက် ပဏာမတွေ့ဆုံတဲ့ပွဲလို့ပဲ ပြောလို့ရတာပေါ့။ 
မူလ စီစဉ်ထားသလို KBC နဲ့ တပ်မတော်သား တွေ့ဆုံမေးမြန်းတဲ့အဆင့် မရောက်ဘဲနဲ့ ပဏာမတွေ့ဆုံပွဲ အဆင့်နဲ့ပဲ ရပ်သွားတာပေါ့”ဟု ပြောကြားသည်။
 
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွတ်က “ကျွန်တော်တို့ ထင်ထားတဲ့ အတိုင်းပါပဲ။ သိပ်ပြီးတော့ ထိထိရောက်ရောက် ဖြစ်လာလိမ့်မယ်လို့  မမျှော်လင့်ပါဘူး။ ကျွန်တော်တို့ရယ် ကချင်ရှေ့နေကွန်ရက်ရယ် ဒီလ ၂၀ ကျော်မှ အစည်းအဝေးလုပ်ပြီးမှပဲ ရှေ့ဆက်လုပ်ဖို့ ပြန်စီစဉ်ရပါမယ်” ဟု ပြောကြားသည်။
 
KBC ၏ လုပ်အားပေးပညာဒါနဆရာမ နှစ်ဦးဖြစ်သည့် မရန်လုရာနှင့် ခေါန်နန်စင်တို့ မှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့် တောင်းကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာ၌ ဘုရားကျောင်းဝင်းအတွင်းရှိ ၎င်းတို့ နေထိုင်ရာအိမ်အတွင်း၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး တစ်နှစ်နှင့် လေးလ ကြာမြင့်ပြီဖြစ်သော်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။