မြောက်ဥက္ကလာပ မြို့နယ်တွင် မိဘနှစ်ပါးနှင့် အခြား အမျိုးသမီး နှစ်ဦးအား ဓားဖြင့် ခုတ်ခဲ့သူကို စိတ်ရောဂါ အထူးကု ဆေးရုံသို့ ပို့ဆောင်ပြီး ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်

မြောက်ဥက္ကလာပ မြို့နယ်တွင် မိဘနှစ်ပါးနှင့် အခြား အမျိုးသမီး နှစ်ဦးအား ဓားဖြင့် ခုတ်ခဲ့သူကို စိတ်ရောဂါ အထူးကု ဆေးရုံသို့ ပို့ဆောင်ပြီး ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်
Published 18 May 2016
သီဟအောင်

မြောက်ဥက္ကလာပ မြို့နယ်တွင် မေ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် မိဘနှစ်ပါးနှင့် အခြား အမျိုးသမီး နှစ်ဦးတို့အား ဓားဖြင့် ခုတ်ခဲ့သူကို စိတ်ရောဂါ အထူးကု ဆေးရုံသို့ ပို့ဆောင်ထားပြီး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။“အခုတော့ ကျူးလွန်သူကို စိတ်ရောဂါကု ဆေးရုံကို ပို့ထားပါတယ်။ ဆေးရုံက ဆရာဝန်တွေရဲ့ ဆေးစာရတဲ့ အချိန်မှ ကျွန်တော်တို့ တရားစွဲဆိုရမှာပါ။ ရမန် တစ်လ ရပါတယ်။ ဆရာဝန်တွေကတော့ ရမန်တစ်လ အတွင်းမှာ ပြီးအောင် စစ်မလား၊ ရမန် တစ်လ အတွင်းမှာမှ ဆေးစာ မရဘူး ဆိုရင် ကျွန်တော်တို့ ဆိုင်းငံ့ တရားစွဲဆို ရမှာပါ” ဟု မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးလွင်က ပြောကြားသည်။မေ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်တွင် နေထိုင်သည့် ဝေလျံ (၂၆)နှစ်သည် ၎င်း၏ နေအိမ် အနီးရှိ ဖိနပ်လုပ်ငန်းမှ ဓားကို ယူ၍ မိဘနှစ်ပါးအား ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ထို့နောက် အခြားအိမ်ပေါ်သို့ တက်သွားပြီး ယင်းအိမ်ပေါ်ရှိ အမျိုးသမီး တစ်ဦးအား ဓားဖြင့် ခုတ်ရန် ကြိုးစားစဉ် ယင်းအမျိုးသမီးမှ နေအိမ်ပေါ်မှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထိုသို့ ထွက်ပြေးသွားသည့် အမျိုးသမီးအား ဝေလျံက နောက်မှလိုက်၍ ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ယင်းနောက် လမ်းတွင်တွေ့သည့် အခြားအမျိုးသမီး တစ်ဦးအား ဓားဖြင့် ထပ်မံ ခုတ်ခဲ့ကြောင်း သိရသည်။ဓားဖြင့် တိုက်ခိုက်ခံရသူများမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးနှင့် အသက် ၆၀ အရွယ် အမျိုးသမီး အပါအဝင် အသက် ၅၇ နှစ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ လက်ရှိ အချိန်တွင် အတွင်းလူနာ(မစိုးရိမ်ရ)အနေအထားဖြင့် ဆက်လက်ကုသမှု ခံယူထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားအား မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ-၃၄၂/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။