လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးအတွက် ရန်ကုန်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသည့် ကိုနေလင်းစိုး (ခေါ်) ဖိုးစနေမှာ မေ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။၎င်း၏ ခရီးစဉ်ကို မေ ၁၄ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး လေးရက်မြောက်နေ့တွင် ပဲခူးတိုင်းအတွင်း ရောက်ရှိခဲ့ခြင်း ဖြစ်သည်။“ကျွန်တော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရောက်တဲ့အထိ လမ်းလျှောက် တောင်းဆိုသွားမှာပါ။ လမ်းမှာတော့ တားဆီးတာတွေ ဘာတွေ မရှိပေမယ့် ခလရတွေ၊ သတင်းရဲတပ်တွေကတော့ နောက်ကနေ တောက်လျှောက် လိုက်ပြီးတော့ မှတ်တမ်းယူတာတွေတော့ ရှိပါတယ်။ အခုဆိုရင် ကျွန်တော် လမ်းလျှောက်တာ လေးရက်မြောက်နေ့ပါ။ အခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စတင်နေတာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာ လိုက်နာမှု မရှိဘူး။ စီမံကိန်းက ရရှိတဲ့ အကျိုးအမြတ်တွေကိုလည်း ပြည်သူကို ချပြခြင်း မရှိဘူး။ဒီ လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် အဲဒီက လယ်သမားတွေလည်း ဖမ်းဆီး ထောင်ချခံရတာတွေ ရှိတယ်။ ဒါကြောင့် ဒီကြေးနီစီမံကိန်းက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာကို လိုက်နာဖို့ရယ်၊ ဒီကြေးနီစီမံကိန်းကို လုံး၀ ရပ်ဆိုင်းဖျက်သိမ်းပေးဖို့ရယ်၊ ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံတွင်းက ထွက်သွားပေးဖို့ရယ် တောင်းဆိုတာပါ။ ကျွန်တော် လက်ပံတောင်ရောက်တဲ့အချိန်ကျရင်လည်း အဲဒီက ဒေသခံတောင်သူ လယ်သမားတွေနဲ့အတူ ဒီအချက်တွေကို ဆက်လက် တောင်းဆိုသွားမှာပါ” ဟု ကိုနေလင်းစိုး (ခ) ဖိုးစနေက မေ ၁၇ ရက်တွင် ပြောကြားသည်။အလားတူ ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင်တွင် ထုတ်ဖော်နေသည့်ကြေးနီစီမံကိန်းအား စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့်အညီ လုပ်ဆောင်ရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဦးဝင်းချိုက ပြီးခဲ့သည့် မေ ၁၄ ရက် မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။ထို့ပြင် မေ ၄ ရက်က လက်ပံတောင်းတောင် ဒေသခံ ၁၀၀ ခန့်က စီမံကိန်းကို အလိုမရှိကြောင်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး လက်ပံတောင်းတောင် စီမံကိန်းကို အဓိက လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ခဲ့ သည့် မြန်မာပြည်၏ အဓိက အမျိုးသားစီမံကိန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့မှုသည် တစ်ဖက်သတ် ထုတ်ပြန်ချက်သာဖြစ်ပြီး မြန်မာဝမ်ပေါင်သည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာမှုမရှိဟု ဒေသခံများ က ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းပေးရေး ရန်ကုန်မြို့မှ လက်ပံတောင်းတောင် စီမံကိန်းအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်သူ ပဲခူးတိုင်းဒေသကြီးအတွင်း ရောက်ရှိ