နိုင်ငံရေး အခြေအနေများအရ ပြည်ပသို့ ထွက်ခွာသွားရသူများ မြန်မာနိုင်ငံသို့ တရားဝင် ပြန်လာနိုင်မည့်ဥပဒေ လွှတ်တော်က ပြဋ္ဌာန်းသင့်ဟု AAPP တာဝန်ရှိသူ ပြောကြား

နိုင်ငံရေး အခြေအနေများအရ ပြည်ပသို့ ထွက်ခွာသွားရသူများ မြန်မာနိုင်ငံသို့ တရားဝင် ပြန်လာနိုင်မည့်ဥပဒေ လွှတ်တော်က ပြဋ္ဌာန်းသင့်ဟု AAPP တာဝန်ရှိသူ ပြောကြား
Published 16 May 2016
အောင်ဇော်ထွန်း၊ ဝီရမိုးနေ

နိုင်ငံရေး အခြေအနေများအရ  ပြည်ပသို့ ထွက်ခွာသွားရသူများအတွက် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လာနိုင်မည့် ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းသင့်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) တာဝန်ရှိသူ တစ်ဦးဖြစ်သည့်  ဦးဘိုကြည်က မေ ၁၅ ရက်တွင် ပြောကြားသည်။နိုင်ငံရေးအရ ပြည်ပသို့ ထွက်ခွာသွားရသူများသည် နိုင်ငံရေးအရ လက်ရှိအခြေအနေအထိ နိုင်ငံသား မဖြစ်ခြင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူလိုခြင်း ကိစ္စတို့တွင်  မြန်မာနိုင်ငံအတွင်း အမှန်တကယ် အလုပ်လုပ်နေသူများအတွက် ဆိုလျှင် လွှတ်တော်မှ ဥပဒေပြဋ္ဌာန်း၍ ၎င်းတို့အနေဖြင့် တရားဝင် ပြန်လာစေနိုင်ရန် ဖန်တီးပေးသင့်ကြောင်း၊ နိုင်ငံသားအဖြစ် လျှောက်ထားလျှင်လည်း အရေးတယူ ချက်ခြင်း အချိန်တိုတိုအတွင်း ဆောင်ရွက်ပေးရန် ၎င်းက တိုက်တွန်းပြောကြားသည်။ဦးဘိုကြည်က “ဂျော်ဂျီယာနိုင်ငံမှာဆိုရင် ၂၀၁၂ ခုနှစ်မှာ အတိုက်အခံက ရွေးကောက်ပွဲ နိုင်သွားတယ်။ အဲဒီလို ရွေးကောက်ပွဲ နိုင်သွားတယ်ဆိုရင် လွှတ်တော်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က အရင်အစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာလည်း ရှိတယ်။ နိုင်ငံရေးအရ ပြည်ပကို ထွက်သွားတဲ့သူတွေ ရှိတယ်။ ဒီဟာတွေကို အသိအမှတ်ပြုပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့တို့  ပြည်ပရောက်တွေ ပြန်လာဖို့တို့ကို  လွှတ်တော်ကနေ ဥပဒေနဲ့ သတ်မှတ်ပြီးတော့ကို ပြန်လာခွင့်ပေးတာတွေ ရှိပါတယ်။ ဒီလိုမျိုး ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု ပြောကြားသည်။ဆက်လက်၍ ဦးဘိုကြည်က“အခု မြန်မာနိုင်ငံထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာ ထောင်ထဲမှာလည်း ရှိနေသေးတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ လွှတ်တော်ကနေပြီးတော့  နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို တရားဝင် အသိအမှတ်ပြုတဲ့အဆင့်မျိုးကို မရှိသေးပါဘူး။ ဒါကြောင့်မို့လို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထဲမှာ အကျဉ်းသားဆိုတဲ့ စကားလုံးကိုပဲ သုံးနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။လွှတ်တော်ကနေပြီးတော့ ဥပဒေပြုသင့်ပါတယ်။ လွှတ်တော်မှာ စကားရပ်များ အစားထိုးခြင်းတို့၊ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ ရှိပါတယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖွင့်ဆိုတာတို့၊ နောက်တစ်ခု ဥပဒေတစ်ခုပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သတ်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်က လွတ်လာပြီးရင် သူတို့ကို ပြန်လည် ပြုစုပျိုးထောင်ရေး ဒီလိုကိစ္စမျိုးတွေ အတွက်ကို ဥပဒေပြုသင့်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ နောက် အဲဒီလိုပဲ နိုင်ငံရေးအရ ပြည်ပကို မဖြစ်မနေ ထွက်သွားရတဲ့သူတွေအတွက် ပြန်လာနိုင်မယ့် ဥပဒေကိုလည်း လွှတ်တော်ဘက်ကနေ ပြဋ္ဌာန်းပေးသင့်တယ်”ဟု ရှင်းလင်းပြောကြားသည်။၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု နောက်ပိုင်းတွင် ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများသည် မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များသို့ ထွက်သွားခြင်းများ ရှိကြောင်း၊ ထို့အတူ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်နောက်ပိုင်းတွင်လည်း စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာသွားခြင်းများလည်း ရှိကြောင်း၊ ၎င်းတို့အနက် အများစုသည် အခြားနိုင်ငံသားအဖြစ် လည်းကောင်း၊ အချို့မှာ အခြားနိုင်ငံသားအဖြစ် မခံယူဘဲ ထိုင်း-မြန်မာ နယ်စပ်တွင် လုပ်ကိုင် စားသောက်နေသူများလည်း ရှိသည်ဟု ဦးဘိုကြည်က ဆိုသည်။“အရင်အစိုးရကတော့ ဒီလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို လိုလားပုံ မရဘူး။ အဲဒီလူတွေကို နိုင်ငံသားအဖြစ်နဲ့ လွယ်လွယ်ကူကူ ပြန်မပေးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ပေးချင်တဲ့ သူတွေကိုကျတော့လည်း ပြီးခဲ့တဲ့ အစိုးရတုန်းက ပေးခဲ့တာပဲ။ ဒါကြောင့်မို့လို့ အခု ဒုသမ္မတဦးမြင့်ဆွေရဲ့ သားမက်တို့ သမီးတို့ဆိုရင် နိုင်ငံသား ပြန်ဖြစ်လာတာတွေလည်း ရှိတာပဲ။ ကျွန်တော်တို့ဆိုရင် လျှောက်ထားတယ်။ ဒါပေမဲ့ မရဘူး။ ခွဲခြားဆက်ဆံမှုတော့ ရှိနေတယ်။ ဒီလို ခွဲခြားဆက်ဆံမှုတော့ မရှိသင့်ဘူး”ဟု ၎င်းက ရှင်းပြသည်။အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏အကျိုး ကာကွယ်စောင့်ရှောက်မှုများကို ယခင်ကထက် ပိုမိုသွက်လက် လျင်မြန်အောင် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်အဖွဲ့ထံမှ သိရသည်။      

Most Read

Most Recent