တိုက်ပွဲဖြစ်စဉ်များကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာသို့ သုံးရက်အတွင်း စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိလာပြီး စားနပ်ရိက္ခာများ အဓိက လိုအပ်နေ

တိုက်ပွဲဖြစ်စဉ်များကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာသို့ သုံးရက်အတွင်း စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိလာပြီး စားနပ်ရိက္ခာများ အဓိက လိုအပ်နေ
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အောင်ဓမ္မာရုံတွင် စစ်ဘေးဒုက္ခသည်များ နံနက်စာ စားသောက်နေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အောင်ဓမ္မာရုံတွင် စစ်ဘေးဒုက္ခသည်များ နံနက်စာ စားသောက်နေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
Published 15 May 2016
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲမြို့နယ်အတွင်းရှိ ဟဲကွီကျေးရွာ တစ်ဝိုက်တွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် နောင်ပိန်ကျေးရွာသို့ သုံးရက်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၆၀၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။
စစ်ဘေး ဒုက္ခသည်များသည် မေ ၁၂ ရက်  ညနေပိုင်းမှစတင်ကာ နောင်ပိန်ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲရှောင်သူများ နေထိုင်ရန်အတွက် နောင်ပိန်အောင်ဓမ္မာရုံနှင့် ဗုဗ္ဗာရုံကျောင်းတိုက်ရှိ ဇရပ်ကျောင်းများတွင် ခေတ္တ ယာယီစခန်းများ ပြုလုပ်ပေးထားကြောင်း သိရသည်။
“ ရွာမှာကတော့ ဘယ်သူမှ မရှိတော့ဘူး။ တိုက်ပွဲတွေဖြစ်တော့ အားလုံးက ကြောက်ပြီး နောင်ပိန်ကို ပြေးလာကြတာ။ တိုက်ပွဲစ ဖြစ်ပြီးနောက်ပိုင်း လေယာဉ်တွေ ရောက်လာတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့သိပ်မဝေးဘူး။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ ပထမတော့ ရွာမှာ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ခဲ့တာ။ အကုန်လုံးက တိုက်ပွဲဖြစ်စဉ်ကြောင့် ကြောက်ပြီး နောင်ပိန်ကို တက်လာကြတယ်။ ၁၄ ရက်နေ့ ရောက်တော့မှ ကျွန်တော်လည်း မနေရဲတော့လို့ နောင်ပိန်ကို ရောက်လာတာ။ အခုရွာမှာ တစ်ယောက်မှ မရှိတော့ဘူး” ဟု ရေဆန်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
တိုက်ပွဲရှောင်သူများသည် ရွာရှိမိမိတို့ နေအိမ်များတွင် မွေးမြူထားသော ကျွဲ၊ နွားများကို လွှတ်ထားခဲ့ရကြောင်း၊ မိမိနေအိမ်အား သော့ခတ်ကာ ထွက်ပြေးလာခဲ့ကြရကြောင်း သိရသည်။
“အခုက ပြောင်းစိုက်ဖို့ ယာတွေ၊ လယ်ယာတွေ ထွန်ယက်တဲ့အချိန် ဖြစ်ပေမယ့် ဘာတစ်ခုမှ လုပ်ငန်းမစနိုင်သေးဘူး။ အိမ်မှာ မွေးတဲ့ ကျွဲတွေကိုလည်း ဒီအတိုင်း တောထဲမှာ လွှတ်ထားခဲ့ရတယ်။ နွားတွေကိုတော့ အစားကျင်းထဲမှာ အစာအပြည့်ထည့်ထားပြီး အိမ်မှာပဲ ကြိုးချည်ထားခဲ့ရတယ်” ဟု နမ့်ဟန်ခိတ်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
တပ်မတော်နှင့်  SSPP/SSA တို့၏ ထိတွေ့တိုက်ပွဲများကြောင့် ဟဲကွီကျေးရွာ အနီးတစ်ဝိုက်ရှိ နမ့်ဝါ၊ ဟဲကွီ၊ နမ့်ဟန်ခိတ်၊ ရေ ဆန်၊ ဟိုဖိုင်၊ နောင်မိန်း၊ နမ့်မော်ဖီလူး၊ ပြိန်းနင်၊ ပြိန်းဆော့၊ ပန်ကျန်၊ လွယ်ပေါင်း ကျေးရွာတို့မှ ဒေသခံ ၆၀၀ ကျော်သည် နောင်ပိန်ကျေးရွာတွင် စစ်ဘေးရှောင်ရန် ရောက်ရှိနေကြောင်း သိရသည်။
“နောင်ပိန် စစ်ဘေးရှောင်စခန်းကို ရောက်လာတာက မေလ ၁၄ ရက်နေ့အထိ ၄၈၀၊ အသိဆွေမျိုးတွေ အိမ်မှာတည်းပြီး ထမင်းပဲ လာစားတဲ့သူက ၁၂၀ ရှိပါတယ်။ ဒီမှာ စာရင်းမပေးဘဲ အသိဆွေမျိုးတွေအိမ်မှာ တည်းခိုနေထိုင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဓိကတော့ သူတို့တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်သာတွေ တည်ဆောက်ပေးနေတယ်။ စားရေး သောက်ရေး အတွက်ကတော့ အလှူရှင်တွေက လှူဒါန်းကြတာတွေနဲ့ စားသောက်ရေး စီစဉ်ပေးထားတယ်။ လောလောဆယ်တော့ ရပ်ကွက်အလိုက် တစ်ရက်စီ အကျွေးအမွေးကို တာဝန်ယူထားတယ်။ အလှူခံဌာနလည်း ဖွင့်ထားပါတယ်။ စစ်ရှောင်တွေအတွက် နေဖို့အဆင် ပြေနေပေမယ့် နောက်ရက်တွေအတွက် စားသောက်ရေး အလှူရှင်တွေ လိုအပ်နေပါတယ်” ဟု နောင်ပိန်ကျေးရွာတွင် လာရောက် စစ်ဘေး ရှောင်နေကြသူများ၏ လိုအပ်သည်များ ကူညီနေသူ ဦးဖိုးညိုက ပြောကြားသည်။
“ဒီစခန်းကို ရောက်လာတဲ့သူတွေ အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ အဓိက အဖြစ်များတာက သွေးတိုးရောဂါပဲများတယ်။ သူတို့က ထွက်ပြေးလာကြတာဆိုတော့  ကြောက်စိတ်တွေလွန်ပြီး သွေးတိုးတာပဲရှိတယ်။ တခြားရောဂါတော့ သိပ်မရှိပါဘူး” ဟု နောင်ပိန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသော ဆရာမ ဒေါ်နန်းမေဦးက ပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များကြောင့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့တွင်လည်း စစ်ဘေးရှောင် စခန်းများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent