အစိုးရသစ်လက်ထက် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းလျော့ကျရေး ရက် ၁၀၀ စီမံချက် စတင်သည့်အချိန်မှ ကိုးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားခံပြေး ၃၃ မှု၊ မူးယစ်ဆေးဝါး ၆၃ မှုနှင့် အခြားအမှုများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် မှုခင်းကျဆင်းရေးအတွက် မေ ၁ ရက်မှ ၉ ရက်အတွင်း တရားခံပြေး ၃၃ ဦး၊ စစ်ပြေး ၃၁ ဦး၊ ရဲပြေးနှစ်ဦး၊ ရဲဘက်ပြေးနှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ကြိုတင်ကာကွယ် ဖမ်းဆီးမှုအပိုင်းတွင် လက်နက် ၂၄ မှု၊ လောင်းကစားမှု ၅၁ မှု၊ မူးယစ်ဆေးဝါး ၆၃ မှု၊ ပြည့်တန်ဆာ ၃၇ မှု၊ ခြေချုပ် ၁၈ မှု၊ ကျင့် ၅၄-၆၃မှု၊ ရဲအက် ၅၆ မှု၊ ယစ်မျိုး ၁၀၆ မှု၊ ဆင်ဆာမဲ့ဗီဒီယို ၁၀ မှု၊ မော်တော်ယာဉ် ၄၉၅ မှုတို့ ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဘိုက “ရက် ၁၀၀ စီမံချက်ပြီးရင်လည်း နောင်လည်း ဒီအတိုင်း ဆက်သွားမှာပါပဲ။ ခုရက် ၁၀၀ စီမံချက်ဆိုတာ ကျွန်တော်တို့ နည်းနည်းလေး အားထည့်ပြီး ဆောင်ရွက်တာပါ။ အဲဒါမျိုးက အခုလည်း လုပ်ရမှာပဲ။ နောင်လည်း လုပ်ရမယ့် လုပ်ငန်းစဉ်တွေပါပဲ” ဟုပြောကြားသည်။
သို့သော် ဧပြီနှင့် မေလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုအချို့နှင့် မှုခင်းဖြစ်စဉ်အချို့မှ တရားခံများကို ယခုအထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
မေ ၂ ရက်က တောင်ဒဂုံမြို့နယ်၊ (၂၆) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေး ဂြိုဟ်တုဆက်သွယ်ရေးဝင်း လမ်းမနံဘေး၌ ပြင်ပဒဏ်ရာ မရှိဘဲ သတိလစ်နေသည့် အမျိုးသားတစ်ဦးကို လူအုပ်စုတစ်စုက ယာဉ်တစ်စီးဖြင့် လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့မှ ၎င်းအမျိုးသားကို ဆေးရုံသို့ပို့ဆောင်ပေးစဉ် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမှုမှ ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။
ထို့ပြင် ဧပြီလအတွင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် လူပျောက်တိုင်ကြားထားသော ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ဦးခေါင်းမပါဘဲ ပုဇွန်တောင် ချောင်းလက်တက်အတွင်းတွင် ဧပြီ ၂၂ ရက်က တွေ့ရှိခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူကိုလည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၁၂ နှစ်အရွယ်ကလေးအား ဓားစာခံလုပ်ကာ ရုပ်ရှင်ဇာတ်ကားဆန်ဆန် ငွေကျပ်သိန်းငါးဆယ်ခန့် ပြန်ပေးဆွဲခဲ့သည့် ဖြစ်စဉ်မှ တရားခံကိုလည်း ရဲတပ်ဖွဲ့အနေဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမှုစစ်များအနေဖြင့် ဖမ်းဆီးရမိရန် ကြိုးစားရှာဖွေမည်ဖြစ်ပြီး အားနည်းချက်တချို့ကို ပြန်လည်ဆန်းစစ်ပြီး အမှုကျူးလွန်သူကို ဖော်ထုတ်ရန် ကြိုးစားနေကြောင်း ရဲမှူးကြီးဝင်းဘိုက ဆက်လက်ပြောကြားသည်။
“သက်ဆိုင်ရာ အမှုစစ်တွေအနေနဲ့ မမိရင်မိအောင် ရှာရမှာပေါ့။ ကျွန်တော်တို့လည်း ဒါကို ဘယ်ဟာကဘယ်လို အားနည်းချက်တွေ ရှိနေလဲဆိုတာကို ပြန်ဆန်းစစ်ပြီး ဖော်ထုတ်နိုင်ဖို့ လုပ်နေပါတယ်။ ဖမ်းဆီးရမိတာတွေလည်း အများကြီးပါပဲ” ဟု ရဲမှူးကြီး ဝင်းဘိုက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မေ ၁ ရက်မှ မေ ၉ ရက်အတွင်း တရားခံပြေး ၃၃ မှု၊ မူးယစ်ဆေးဝါး ၆၃ မှုအပါအဝင် အခြားအမှုများ ဖမ်းဆီးနိုင်ခဲ့သော်လည်း ဧပြီနှင့် မေလဆန်းအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှု အပါအဝင် မှုခင်းဖြစ်စဉ်အချို့ မဖော်ထုတ်နိုင်သေး