သစ်တောမှုဖြင့် စွဲချက်တင်ထားသော ရေပူဆရာတော်အား လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်

သစ်တောမှုဖြင့် စွဲချက်တင်ထားသော ရေပူဆရာတော်အား လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
Published 11 May 2016
အောင်သူ

သစ်တော ဥပဒေနှင့် ပတ်သက်၍ မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား လာမည့် ရုံးချိန်းဖြစ်သည့် မေ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။သစ်တောမှုဖြင့် စွဲချက်တင်ထားသော ရေပူဆရာတော်ကို မေ ၁၁ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နှစ်ဖက် ရှေ့နေများက တရားရုံးတော်သို့ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြသည်။ရေပူဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေဘက်မှ လျှောက်လဲချက် ပေးရာတွင် သစ်တော ဥပဒေတွင် ဘာသာ၊ သာသနာနှင့် တစ်ကိုယ်ရေသုံးအတွက် သတ်မှတ်ချက်ထက် မပိုလျှင် ခွင့်ပြုချက် မယူဘဲ ထုတ်ယူသုံးစွဲနိုင်ခွင့် ရှိသည်ဟု ပါရှိရာ ယခု အမှုတွင် တရားလို သစ်တောဌာနဘက်မှ သတ်မှတ်ချက်ထက် ပိုပါသည်ဟု မည်သည့် သက်သေမှ မထွက်ခဲ့ကြောင်း၊ ရေပူကျောင်းဝင်းအတွင်း တွေ့ရှိရသည့် သစ်များမှာ ကျောင်းဆောက်ရန် ဆိုသည်ကိုလည်း လက်မခံနိုင်စရာ အငြင်းပွားစရာ မရှိဘဲ တိုင်တန်းချက်နှင့် ထွက်ဆိုချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးတစ်ယောက်၏ တရားစွဲဆိုစေခိုင်းမှုကြောင့်သာ အမှု ဖြစ်တည်လာခြင်း ဖြစ်သည့်အတွက် စွဲချက်တင်ထားသည့် ပြစ်မှုကို ကျုးလွန်သည်ဟု တရားဥပဒေအရ ထင်ရှားခြင်း မရှိသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈(၁) အရ အမှုမှ အပြီးသတ် လွှတ်သည့် အမိန့်ကို ချမှတ်သင့်ကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့သည်။အဆိုပါ လျှောက်လဲချက်အပေါ် တရားရုံး ဥပဒေ အရာရှိဘက်မှ သစ်တောဥပဒေ ပုဒ်မ (၅၄) အရ ယခု တရားစွဲဆိုသည့် အမှုတွင် အရေးယူခြင်း ခံရသူသည် သစ်တောထွက် ပစ္စည်းနှင့် စပ်လျဉ်း၍ တရားဝင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တရားဝင် လက်ဝယ်ထားခွင့် ရှိကြောင်း သက်သေ ထင်ရှားပြရန် တာဝန်ရှိသည့်အတွက် မူလ စွဲချက်အတိုင်း ထိုက်သင့်သောပြစ်ဒဏ် ချမှတ်ရန် ရုံးတော်သို့ လျှောက်ထားခဲ့သည်။တရားရုံး ဥပဒေ အရာရှိ၏ သစ်တော ဥပဒေပုဒ်မ (၅၄) သက်သေပြရန် လျှောက်လဲချက်အပေါ် ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးပေါ်ဦးက “ဒီအမှုမှာ ဆရာတော် လက်ဝယ် တွေ့ရှိရတဲ့ သစ်အရေအတွက်က သစ်တောဥပဒေ ပုဒ်မ(၁၇)အရ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုတယ်လို့ တရားလိုဘက်ကနေ သက်သေ မတင်ပြနိုင်ဘဲ ပုဒ်မ (၅၄)အရ တရားဝင် လက်ဝယ်ထားခွင့် ရှိတာကို သက်သေပြဖို့ စွပ်စွဲခံရတဲ့ ဆရာတော်မှာ တာဝန် မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သစ်တောဥပဒေပုဒ်မ (၁၇) အရ သတ်မှတ်ချက်ထက် မပိုဘူးဆိုရင် သစ်တောထွက် ပစ္စည်းကို ထုတ်ယူနိုင်တယ်လို့ ဆိုထားတဲ့အတွက် လက်ဝယ်ထားခွင့်က ရှိပြီးသား ဖြစ်တယ်” ဟု ပြောကြားသည်။ရေပူဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေ ရှင်းလင်းချက်အရ သက်သေခံ ဥပဒေ ပုဒ်မ (၁၀၁) အရ သက်သေပြရန် တာဝန်မှာ တရားလိုပေါ်တွင် ဦးစွာ ကျရောက်ပြီး တရားလိုဘက်မှ စွပ်စွဲခံရသူ ဆရာတော်သည် ပုဒ်မ (၁၇)အရ သတ်မှတ်ထားသည့် အရေအတွက်ထက် ပို၍ သစ်ကို လက်ဝယ်ထားရှိကြောင်း ဦးစွာ ထင်ရှားအောင် ပြသပြီးမှသာလျှင် သစ်တောဥပဒေပုဒ်မ (၅၄)အရ စွပ်စွဲခံရသူ ဆရာတော်ဘက်မှ တရားဝင် လက်ဝယ်ထားခွင့် ရှိကြောင်း သက်သေထင်ရှား ပြရမည်ဖြစ်ကြောင်း သုံးသပ် ပြောကြားသည်။အထက်ပါ နှစ်ဖက် အပြီးသတ် လျှောက်လဲချက်များနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဦးလင်းအောင်သူက အပြီးသတ် အမိန့်ချမှတ်နိုင်ရန် လာမည့် မေ ၁၈ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်သည် ကျောင်းဆောက်လုပ်ရန် ကျောင်းဝင်းအတွင်း လိုအပ်သည့်သစ်များ ဝယ်ယူ စုဆောင်းထားရှိခြင်းနှင့် ပတ်သက်၍ သစ်တောဌာနက သစ်တော ဥပဒေပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်၊ ဇွန် ၉ ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။