ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို အခွန်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အမှုဖွင့်ထားခြင်းသည် ဥပဒေနှင့် မညီဟုဆိုကာ မှားယွင်းမှုဖြင့် အမှုပိတ်သိမ်း

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို အခွန်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အမှုဖွင့်ထားခြင်းသည် ဥပဒေနှင့် မညီဟုဆိုကာ မှားယွင်းမှုဖြင့် အမှုပိတ်သိမ်း
Published 11 May 2016
ယဉ်မျိုးသွယ်

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို အခွန်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အမှုဖွင့်ထားခြင်းသည် ဥပဒေနှင့် မညီဟုဆိုကာ မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းလိုက်ကြောင်း အမှတ် (၈) ရဲစခန်းမှ သတင်းရရှိသည်။“ဂရိတ်ဝေါ ဦးတင်မောင်တို့ကို ဝင်ငွေခွန်နဲ့ စွဲထားတဲ့ အမှုအတွက် ဥပဒေနဲ့ မညီကြောင်း ဘဏ္ဍာအခွန် ဝန်ကြီးဌာနက အကြောင်းကြားစာကို ဥပဒေချုပ်ရုံးက တစ်ဆင့် ပေးပို့လာပါတယ်။ နောက်ပြီး တရားလို မြို့နယ် လဝကမှူးကလည်း အမှု မဖွင့်လိုကြောင်း လာပိတ်သိမ်းသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပိတ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှူး ဒုရဲမှူး ကျော်သာဦးက ပြောကြားသည်။ဝင်ငွေ ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုများ၊ စည်းကြပ်မှု ခံယူရန် ပျက်ကွက်မှုများသည် တမင် အခွန်ရှောင်လွှဲလိုသော သဘော သက်ရောက်ကြောင်း၊ စီးတီးမန်း ကုမ္ပဏီသည် လွန်ခဲ့သော ၁၈ နှစ်ခန့်က ပျက်ကွက်မှုများ၊ ထိမ်ချန်မှုများနှင့် ပတ်သက်၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ (ဂ) အရ ဆက်လက် အရေးယူနိုင်ရန် အခွန်ဆိုင်ရာ ဥပဒေများ လိုက်နာရန် ပျက်ကွက်သူ စီးတီးမန်း ကုမ္ပဏီကိုယ်စား ကုမ္ပဏီ၏ တာဝန်ရှိသူ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင် (ခ)လီဆန်ရှင်း ၅၅နှစ်၊ လီရှော/ဗုဒ္ဓ(ဘ) ဦးအလယ်ဖာ၊ လုံးချင်းအိမ်ရာ (၁)၊ ၃၁ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ကဉ္စဏမဟီ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ဇနီးဖြစ်သူ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်နန်းလှစိန် (၅၂ နှစ်)၊ ကချင်+ရှမ်း+ လီရှော/ဗုဒ္ဓ (ဘ) ဦးအိုက်ဆမ်ရွက်ငင်းတို့ကို အရေးယူပေးရန် မြို့နယ် အခွန်ဦးစီးမှူး ဦးမင်းနွယ်က တိုင်တန်း၍ ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၅၊ ၁၉၄၇ ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့ ပိုင်ဆိုင်သည့် တော်ဝင်နှင်းဆီ ဆေးရုံမှာလည်း ညစ်ညမ်းစာပေများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရပြီး အမှုတွင် စွပ်စွဲခံရသူ ဒေါ်နန်းလှစိန်မှာ ယခင် အစိုးရ လက်ထက်တွင် အမှုရင်ဆိုင်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုဖြင့် စည်ပင်သာယာရေး ကော်မတီမှ သိမ်းယူထားသော တော်ဝင်နှင်းဆီ ဆေးရုံကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တောင်းဆိုထားရာ ပြန်လည် လွှဲပြောင်းပေးရန် အစိုးရအသစ် မတက်ခင် ၂၀၁၆ မတ် ၂၉ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စည်ပင်သာယာရေး ကော်မတီသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ခွင့်ပြုချက် မရှိဘဲ နှစ်ထပ်တိုး ဆောက်လုပ်ခဲ့သော အဆောက်အအုံကို ပြန်ဖျက်ပေးရပါမည် ဖြစ်ကာ ဆေးရုံအစား စာချုပ်ပါ စည်းကမ်းအတိုင်း သဇင်ပလာဇာအဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ထပ်တိုး နှစ်ထပ် အဆောက်အအုံ မဖျက်လျှင် ကျပ်သန်းတစ်ထောင် ဒဏ်ငွေပေးရမည် ဖြစ်ကာ ဆေးရုံကိုသာ ဆက်လက် လုပ်ကိုင်လိုပါက လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း စည်ပင်သာယာမှ ပြန်လည် အကြောင်းကြားခဲ့ကြောင်း သိရသည်။ထိုသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တော်ဝင်နှင်းဆီ ဆေးရုံကို ဦးတင်မောင်အား ပြန်လည်ပေးအပ်ရန် ညွှန်ကြားခဲ့သော်လည်း စည်ပင်သာယာရေး ကော်မတီမှ အထက်ပါ စည်းကမ်းချက်များ လိုက်နာမှသာ ပေးမည်ဖြစ်သောကြောင့် ဦးတင်မောင်မှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသနားခံစာ ပေးပို့ တောင်းဆိုထားကြောင်း ထပ်မံ သိရသည်။